ဓမ္မဒါန

ဝသလသုတ်

ဝသလသုတ္တံ

နိဒါန်း

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ သာဝတ္ထိံ ပိဏ္ဍာယ ပါဝိသိ။ တေန ခေါ ပန သမယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ နိဝေသနေ အဂ္ဂိ ပဇ္ဇလိတော ဟောတိ အာဟုတိ ပဂ္ဂဟိတာ။ အထ ခေါ ဘဂဝါ သာဝတ္ထိယံ သပဒါနံ ပိဏ္ဍာယ စရမာနော ယေန အဂ္ဂိကဘာရဒွါဇဿ ဗြာဟ္မဏဿ နိဝေသနံ တေနုပသင်္ကမိ။

အဒ္ဒသာ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဒူရတောဝ အာဂစ္ဆန္တံ။ ဒိသွာန ဘဂဝန္တံ ဧတဒဝေါစ – ‘‘တတြေဝ၊ မုဏ္ဍက; တတြေဝ၊ သမဏက; တတြေဝ၊ ဝသလက တိဋ္ဌာဟီ’’တိ။

ဧဝံ ဝုတ္တေ၊ ဘဂဝါ အဂ္ဂိကဘာရဒွါဇံ ဗြာဟ္မဏံ ဧတဒဝေါစ – ‘‘ဇာနာသိ ပန တွံ၊ ဗြာဟ္မဏ၊ ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ’’တိ? ‘‘န ခွာဟံ၊ ဘော ဂေါတမ၊ ဇာနာမိ ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ; သာဓု မေ ဘဝံ ဂေါတမော တထာ ဓမ္မံ ဒေသေတု၊ ယထာဟံ ဇာနေယျံ ဝသလံ ဝါ ဝသလကရဏေ ဝါ ဓမ္မေ’’တိ။ ‘‘တေန ဟိ၊ ဗြာဟ္မဏ၊ သုဏာဟိ၊ သာဓုကံ မနသိ ကရောဟိ; ဘာသိဿာမီ’’တိ။ ‘‘ဧဝံ၊ ဘော’’တိ ခေါ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –

မြန်မာပြန်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်- အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူဆောင်လျက် သာဝတ္ထိပြည်သို့ ဆွမ်းခံဝင်တော်မူ၏၊ ထိုအခါ အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်၌ (ပူဇော်ထားသော) မီးသည် တောက်ပနေ၏၊ မီးပူဇော်ရန် နို့ဃနာထောပတ်စသည်ကို စီရင်ထား၏၊ ထိုအခါ မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ အိမ်စဉ်အတိုင်း ဆွမ်းခံလှည့်လည်လတ်သော် အဂ္ဂိကဘာရဒွါဇပုဏ္ဏား၏ နေအိမ်သို့ ချဉ်းကပ်တော်မူ၏။

အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရား ကြွလာသည်ကို အဝေးကပင် မြင်၍ မြတ်စွာဘုရားကို “ဦးပြည်းယုတ် ထို၌သာလျှင် ရပ်လော့၊ ရဟန်းယုတ် ထို၌သာလျှင် ရပ်လော့၊ သူယုတ်မာ ထို၌သာလျှင် ရပ်လော့”ဟု ဆို၏။

ဤသို့ ဆိုလတ်သော် မြတ်စွာဘုရားသည် “အဂ္ဂိကဘာရဒွါဇပုဏ္ဏား သင်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း သိ၏လော”ဟု (မိန့်တော်မူ၏)။ အသျှင်ဂေါတမ အကျွန်ုပ်သည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း မသိပါ၊ အကျွန်ုပ်တောင်းပန်ပါ၏၊ အသျှင်ဂေါတမသည် သူယုတ်အဖြစ်ကိုလည်းကောင်း၊ သူယုတ်အဖြစ်ကို ပြုတတ်သောတရားတို့ကိုလည်းကောင်း အကျွန်ုပ်သိနိုင်လောက်သော အခြင်းအရာအားဖြင့် အကျွန်ုပ်အား တရားဟောတော်မူပါလော့ဟု (လျှောက်၏)။ ပုဏ္ဏား ထိုသို့ ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။ “အသျှင်ဂေါတမ ကောင်းပါပြီ”ဟု အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားအား ဝန်ခံ၏၊ မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏-

အပိုဒ် ၁၁၆

‘‘ကောဓနော ဥပနာဟီ စ၊ ပါပမက္ခီ စ ယော နရော။

ဝိပန္နဒိဋ္ဌိ မာယာဝီ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

“အကြင်သူသည် အမျက်ထွက်လေ့ရှိ၏၊ ရန်ငြိုးဖွဲ့တတ်၏၊ ယုတ်မာသည်ဖြစ်၍ သူ့ကျေးဇူးကို ချေဖျက်တတ်၏၊ အယူပျက်စီးသူ ဖြစ်၏၊ လှည့်ပတ်တတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁)

အပိုဒ် ၁၁၇

‘‘ဧကဇံ ဝါ ဒွိဇံ ဝါပိ၊ ယောဓ ပါဏံ ဝိဟိံသတိ။

ယဿ ပါဏေ ဒယာ နတ္ထိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

ဤလောက၌ အကြင်သူသည် တစ်ကြိမ် ဖွားဖြစ်သော လူစသော သတ္တဝါကိုလည်းကောင်း၊ နှစ်ကြိမ် ဖွားဖြစ်သော၁ ငှက်စသော သတ္တဝါကိုလည်းကောင်း ညှဉ်းဆဲသတ်ဖြတ်၏၊ အကြင်သူအား သတ္တဝါ၌ သနားကြင်နာမှု မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၂)

အပိုဒ် ၁၁၈

‘‘ယော ဟန္တိ ပရိရုန္ဓတိ၊ ဂါမာနိ နိဂမာနိ စ။

နိဂ္ဂါဟကော သမညာတော၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ရွာတို့ကို ဖြစ်စေ နိဂုံးတို့ကို ဖြစ်စေ ဖျက်ဆီးတတ်၏၊ ပိတ်ပင်တတ်၏၊ ရွာနိဂုံးတို့ကို ဖျက်ဆီးတတ်သူဟူ၍ (လောက၌) ထင်ရှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၃)

အပိုဒ် ၁၁၉

‘‘ဂါမေ ဝါ ယဒိ ဝါ ရညေ၊ ယံ ပရေသံ မမာယိတံ။

ထေယျာ အဒိန္နမာဒေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ရွာ၌သော်လည်းကောင်း၊ တော၌သော်လည်းကောင်း သူတစ်ပါးတို့မြတ်နိုးအပ်သော ပိုင်ရှင်မပေးသော ဝတ္ထုကို ခိုးယူလိုသော စိတ်ဖြင့် ဆောင်ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၄)

အပိုဒ် ၁၂၀

‘‘ယော ဟဝေ ဣဏမာဒါယ၊ စုဇ္ဇမာနော ပလာယတိ။

န ဟိ တေ ဣဏမတ္ထီတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် သူ့ကြွေးမြီကို အမှန်ပင် ချေးယူပြီးလျှင် မြီရှင်တို့က တောင်းအပ်သည်ရှိသော် ငါ့ထံ၌ မရှိဟု ပြောဆိုလျက် ထွက်ပြေး၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၅)

အပိုဒ် ၁၂၁

‘‘ယော ဝေ ကိဉ္စိက္ခကမျတာ၊ ပန္ထသ္မိံ ဝဇန္တံ ဇနံ။

ဟန္တွာ ကိဉ္စိက္ခမာဒေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် အနည်းငယ်မျှလောက်သာ ဖြစ်သော ဥစ္စာကို အလိုရှိသဖြင့် လမ်းခရီး၌ သွားလာနေသော လူကို သတ်လျက် အနည်းငယ်မျှသော ဘဏ္ဍာကို ယူ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၆)

အပိုဒ် ၁၂၂

‘‘အတ္တဟေတု ပရဟေတု၊ ဓနဟေတု စ ယော နရော။

သက္ခိပုဋ္ဌော မုသာ ဗြူတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် မိမိကို သက်သေထား၍ မေးအပ်သည်ရှိသော် မိမိဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ သူတစ်ပါးဟူသော အကြောင်းကြောင့် သော်လည်းကောင်း၊ (မိမိ၏ဖြစ်စေ သူတစ်ပါး၏ဖြစ်စေ) ဥစ္စာဟူသော အကြောင်းကြောင့် သော်လည်းကောင်း မုသားဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၇)

အပိုဒ် ၁၂၃

‘‘ယော ဉာတီနံ သခီနံ ဝါ၊ ဒါရေသု ပဋိဒိဿတိ။

သာဟသာ သမ္ပိယေန ဝါ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ဆွေမျိုးတို့၏ မယားတို့၌သော်လည်းကောင်း၊ မိတ်ဆွေ ခင်ပွန်းတို့၏ မယားတို့၌သော်လည်းကောင်း အနိုင်အထက်အားဖြင့်ဖြစ်စေ၊ နှစ်ဦး သဘောတူ ချစ်သဖြင့်ဖြစ်စေ လွန်ကျူးပြစ်မှား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၈)

အပိုဒ် ၁၂၄

‘‘ယော မာတရံ ပိတရံ ဝါ၊ ဇိဏ္ဏကံ ဂတယောဗ္ဗနံ။

ပဟု သန္တော န ဘရတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် အိုမင်း၍ ပစ္ဆိမအရွယ်သို့ ရောက်ပြီးသော အမိကိုလည်းကောင်း၊ အဖကိုလည်းကောင်း ကျွေးမွေးပြုစုနိုင်စွမ်းသူ ဖြစ်လျက် မကျွေးမွေး မပြုစုပေ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၉)

အပိုဒ် ၁၂၅

‘‘ယော မာတရံ ပိတရံ ဝါ၊ ဘာတရံ ဘဂိနိံ သသုံ။

ဟန္တိ ရောသေတိ ဝါစာယ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် အမိကိုသော်လည်းကောင်း၊ အဖကိုသော်လည်းကောင်း၊ အစ်ကိုနှင့်ညီကိုသော်လည်းကောင်း၊ အစ်မနှမကိုသော်လည်းကောင်း၊ ယောက္ခမ မိန်းမသူ ယောက္ခမယောက်ျားသူကိုသော်လည်းကောင်း ရိုက်နှက်ပုတ်ခတ်၏၊ ကြမ်းတမ်းသော စကားဖြင့် ညှဉ်းဆဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၀)

အပိုဒ် ၁၂၆

‘‘ယော အတ္ထံ ပုစ္ဆိတော သန္တော၊ အနတ္ထမနုသာသတိ။

ပဋိစ္ဆန္နေန မန္တေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် အကျိုးစီးပွါးကို မေးမြန်းအပ်သည် ဖြစ်လျက် အကျိုးစီးပွါးမဲ့ကို ပြောကြားသွန်သင်၏၊ မေးမြန်းသူ မသိနိုင်လောက်အောင် လျှို့ဝှက်သော စကားဖြင့် ပြောဆိုညွှန်ကြား၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၁)

အပိုဒ် ၁၂၇

‘‘ယော ကတွာ ပါပကံ ကမ္မံ၊ မာ မံ ဇညာတိ ဣစ္ဆတိ။

ယော ပဋိစ္ဆန္နကမ္မန္တော၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ယုတ်မာသော အမှုကို ပြုပြီးလျှင် ငါ့ကို သူတစ်ပါး မသိပါစေလင့်ဟု အလိုရှိ၏၊ အကြင်သူသည် မိမိပြုသော မကောင်းမှုကို ဖုံးလွှမ်း၏၊ ထိုသူနှစ်ဦးကို သူယုတ်မာဟူ၍ သိရာ၏။ (၁၂)

အပိုဒ် ၁၂၈

‘‘ယော ဝေ ပရကုလံ ဂန္တွာ၊ ဘုတွာန သုစိဘောဇနံ။

အာဂတံ နပ္ပဋိပူဇေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် သူတစ်ပါးအိမ်သို့ သွားပြီးလျှင် မွန်မြတ်သော ဘောဇဉ်ကို စားပြီး၍လည်း မိမိအိမ်သို့ လာသော ထိုအဆွေခင်ပွန်းကို (အတုံ့အပြန်) မကျွေးမွေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၃)

အပိုဒ် ၁၂၉

‘‘ယော ဗြာဟ္မဏံ သမဏံ ဝါ၊ အညံ ဝါပိ ဝနိဗ္ဗကံ။

မုသာဝါဒေန ဝဉ္စေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ဖုန်းတောင်း ယာစကာကိုလည်းကောင်း ပစ္စည်းလေးပါးဖြင့် ဖိတ်ကြားပြီးဖြစ်လျက် မုသားပြောဆိုခြင်းဖြင့် လှည့်ပတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၄)

အပိုဒ် ၁၃၀

‘‘ယော ဗြာဟ္မဏံ သမဏံ ဝါ၊ ဘတ္တကာလေ ဥပဋ္ဌိတေ။

ရောသေတိ ဝါစာ န စ ဒေတိ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ထမင်းစားချိန်ရောက်လတ်သော် ဗြာဟ္မဏကိုလည်းကောင်း၊ သမဏကိုလည်းကောင်း စကားဖြင့် ခြုတ်ခြယ်၏၊ ပေးကား မပေး၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၅)

အပိုဒ် ၁၃၁

‘‘အသတံ ယောဓ ပဗြူတိ၊ မောဟေန ပလိဂုဏ္ဌိတော။

ကိဉ္စိက္ခံ နိဇိဂီသာနော၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

ဤလောက၌ အကြင်သူသည် မောဟဖြင့် မြှေးရစ်သည်ဖြစ်၍ တစ်စုံတစ်ခုသော ဝတ္ထုကို ရှာမှီးလာသည်ရှိသော် မသူတော်တို့ စကားကို ပြောဆို၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၆)

အပိုဒ် ၁၃၂

‘‘ယော စတ္တာနံ သမုက္ကံသေ၊ ပရေ စ မဝဇာနာတိ။

နိဟီနော သေန မာနေန၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် မိမိကိုယ်ကို ချီးမြှောက်ပလွှား၏၊ သူတစ်ပါးတို့ကို မူကား ရှုတ်ချ၏၊ မိမိကိုယ်ကို ပလွှားမှု သူတစ်ပါးတို့ကို ရှုတ်ချမှုဟူသော မိမိမာနကြောင့် ဆုတ်ယုတ်၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၇)

အပိုဒ် ၁၃၃

‘‘ရောသကော ကဒရိယော စ၊ ပါပိစ္ဆော မစ္ဆရီ သဌော။

အဟိရိကော အနောတ္တပ္ပီ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် ခြုတ်ခြယ်တတ်၏၊ သူတစ်ပါးပေးလှူသည်ကို မူလည်း ဝန်တိုမှု ရှိ၏၊ ယုတ်မာသော အလိုရှိ၏၊ ဝန်တို စေးနဲ၏၊ စဉ်းလဲ ကောက်ကျစ်၏၊ အရှက် မရှိ၊ အကြောက် မရှိ၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၈)

အပိုဒ် ၁၃၄

‘‘ယော ဗုဒ္ဓံ ပရိဘာသတိ၊ အထ ဝါ တဿ သာဝကံ။

ပရိဗ္ဗာဇံ ဂဟဋ္ဌံ ဝါ၊ တံ ဇညာ ဝသလော ဣတိ။

မြန်မာပြန်

အကြင်သူသည် မြတ်စွာဘုရားကို သဗ္ဗညု မဟုတ် စသည်ဖြင့် ရေရွတ်စွပ်စွဲ၏၊ ထိုမှတစ်ပါး ထိုဘုရား၏ တပည့်ရဟန်းကိုသော်လည်းကောင်း၊ ပရိဗိုဇ်ကိုသော်လည်းကောင်း၊ လူကိုသော်လည်းကောင်း ရေရွတ်စွပ်စွဲ၏၊ ထိုသူကို သူယုတ်မာဟူ၍ သိရာ၏။ (၁၉)

အပိုဒ် ၁၃၅

‘‘ယော ဝေ အနရဟံ သန္တော၊ အရဟံ ပဋိဇာနာတိ။

စောရော သဗြဟ္မကေ လောကေ၊ ဧသော ခေါ ဝသလာဓမော။

မြန်မာပြန်

အကြင်သူသည် ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု ဝန်ခံ၏၊ ဤသူသည်သာလျှင် ဗြဟ္မာနှင့်တကွသော လောက၌ အယုတ်မာဆုံးဖြစ်သော ခိုးသူကြီး ပေတည်း၊ ပုဏ္ဏား ငါဘုရားသည် (ရှေး၌ အကျဉ်းအားဖြင့်) ဆိုခဲ့သောသူယုတ်တို့ကို အကျယ်အားဖြင့် ပြအပ်ကုန်ပြီ။ (၂၀)

အပိုဒ် ၁၃၆

‘‘ဧတေ ခေါ ဝသလာ ဝုတ္တာ၊ မယာ ယေတေ ပကာသိတာ။

န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။

ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြာဟ္မဏော။

မြန်မာပြန်

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏။ (၂၁)

အပိုဒ် ၁၃၇

‘‘တဒမိနာပိ ဇာနာထ၊ ယထာမေဒံ နိဒဿနံ။

စဏ္ဍာလပုတ္တော သောပါကော၊ မာတင်္ဂေါ ဣတိ ဝိဿုတော။

မြန်မာပြန်

(ပုဏ္ဏား) ထိုစကား၏ အဓိပ္ပာယ်ကို ဤညွှန်းပြမည့် စကားဖြင့်လည်း သိကုန်လော့၊ ဤညွှန်းပြချက် စကားကား အဘယ်နည်း၊ ခွေးသေတို့ကို ချက်၍ စားတတ်သော ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂဟူ၍ ထင်ရှားကျော်စော၏။ (၂၂)

အပိုဒ် ၁၃၈

‘‘သော ယသံ ပရမံ ပတ္တော၊ မာတင်္ဂေါ ယံ သုဒုလ္လဘံ။

အာဂစ္ဆုံ တဿုပဋ္ဌာနံ၊ ခတ္တိယာ ဗြာဟ္မဏာ ဗဟူ။

မြန်မာပြန်

ထိုမာတင်္ဂသည် အလွန့်အလွန် ရနိုင်ခဲသော မြတ်သော ကျော်စောခြင်းသို့ ရောက်၏၊ ထိုမာတင်္ဂအား (လုပ်ကျွေးခစားရန်) မင်းမျိုးတို့သည်လည်းကောင်း၊ ပုဏ္ဏားမျိုးတို့သည်လည်းကောင်း၊ များစွာသော ကုန်သည်နှင့် သူဆင်းရဲတို့သည်လည်းကောင်း ခစားရာ အရပ်သို့ လာရောက်ကြကုန်၏။ (၂၃)

အပိုဒ် ၁၃၉

‘‘ဒေဝယာနံ အဘိရုယှ၊ ဝိရဇံ သော မဟာပထံ။

ကာမရာဂံ ဝိရာဇေတွာ၊ ဗြဟ္မလောကူပဂေါ အဟု။

န နံ ဇာတိ နိဝါရေသိ၊ ဗြဟ္မလောကူပပတ္တိယာ။

မြန်မာပြန်

ထိုမာတင်္ဂသည် ကိလေသာကင်း၍ မြတ်သော ခရီးဖြစ်သော ဗြဟ္မာ့ပြည်သို့ ရောက်ကြောင်း (သမာပတ်ရှစ်ပါး) နတ်ယာဉ်ကို တက်စီး၍ ကာမ၌ တပ်စွန်းမှု ‘ကာမရာဂ’ကို ကင်းစင်စေလျက် ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ရသူ ဖြစ်ခဲ့၏၊ ထိုမာတင်္ဂကို ဗြဟ္မာ့ပြည်၌ ဖြစ်ခြင်းမှ အမျိုးဇာတ်က မတားမြစ်နိုင်။ (၂၄)

အပိုဒ် ၁၄၀–၁၄၁

‘‘အဇ္ဈာယကကုလေ ဇာတာ၊ ဗြာဟ္မဏာ မန္တဗန္ဓဝါ။

တေ စ ပါပေသု ကမ္မေသု၊ အဘိဏှမုပဒိဿရေ။

‘‘ဒိဋ္ဌေဝ ဓမ္မေ ဂါရယှာ၊ သမ္ပရာယေ စ ဒုဂ္ဂတိ။

န နေ ဇာတိ နိဝါရေတိ၊ ဒုဂ္ဂတျာ ဂရဟာယ ဝါ။

မြန်မာပြန်

ဗေဒင်ကို သရဇ္ဈယ်တတ်သည့် အမျိုး၌ ဖြစ်ကုန်သော ပုဏ္ဏားတို့သည် ဗေဒင်ဟူသော အဆွေခင်ပွန်း ရှိကုန်၏၊ ထိုပုဏ္ဏားတို့သည်လည်း ယုတ်မာသော အမှုတို့၌ မပြတ်ထင်ကုန်မူ ယခုဘဝ၌ပင်လျှင် ကဲ့ရဲ့ဖွယ်ဖြစ်ကုန်၏၊ တမလွန်ဘဝ၌လည်း ဒုဂ္ဂတိဘဝသို့ လားရောက်ရကုန်၏၊ ထိုပုဏ္ဏားတို့ကို ဒုဂ္ဂတိဘဝသို့ လားရောက်ရခြင်းမှလည်းကောင်း၊ ကဲ့ရဲ့ခံရခြင်းမှလည်းကောင်း အမျိုးဇာတ်က မတားမြစ်နိုင်။ (၂၅-၂၆)

အပိုဒ် ၁၄၂ (၁)

‘‘န ဇစ္စာ ဝသလော ဟောတိ၊ န ဇစ္စာ ဟောတိ ဗြာဟ္မဏော။

ကမ္မုနာ ဝသလော ဟောတိ၊ ကမ္မုနာ ဟောတိ ဗြာဟ္မဏော’’တိ။

မြန်မာပြန်

အမျိုးဇာတ်ကြောင့် သူယုတ်မာ မဖြစ်နိုင်၊ အမျိုးဇာတ်ကြောင့် ဗြာဟ္မဏ မဖြစ်နိုင်၊ မိမိပြုသော အမှုကြောင့် သာလျှင် သူယုတ်မာ ဖြစ်ရ၏၊ မိမိပြုသော အမှုကြောင့် သာလျှင် ဗြာဟ္မဏ ဖြစ်ရ၏”။ (၂၇)

အပိုဒ် ၁၄၂ (၂)

ဧဝံ ဝုတ္တေ၊ အဂ္ဂိကဘာရဒွါဇော ဗြာဟ္မဏော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ၊ ဘော ဂေါတမ။ပေ.။ ဥပါသကံ မံ ဘဝံ ဂေါတမော ဓာရေတု အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။

မြန်မာပြန်

ဤသို့ ဆိုသော် အဂ္ဂိကဘာရဒွါဇပုဏ္ဏားသည် မြတ်စွာဘုရားကို “အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေစွ။ပ။ အသျှင်ဂေါတမသည် ယနေ့ကို အစပြု၍ အကျွန်ုပ်ကို အသက်ထက်ဆုံး ကိုးကွယ်ခြင်းသို့ ရောက်သော ဥပါသကာဟူ၍ မှတ်တော်မူပါလော့”ဟု (လျှောက်၏)။

ဝသလသုတ္တံ သတ္တမံ နိဋ္ဌိတံ။

မြန်မာပြန်

ခုနစ်ခုမြောက် ဝသလသုတ် ပြီး၏။

မှတ်ချက်

၁။ အမိဝမ်းမှ ဥအဖြစ် တစ်ကြိမ် ဖွား၍ ဥမှ တစ်ကြိမ် ပေါက်ဖွားရသော ငှက်စသော သတ္တဝါများကို ဒွိဇ နှစ်ကြိမ် ဖွားဟု ခေါ်၏၊ ကြွင်းသော အမိဝမ်းမှ တစ်ကြိမ် ပေါက်ဖွားရသော လူစသော သတ္တဝါများကို ဧကဇ တစ်ကြိမ်ဖွားဟု ခေါ်သည်။

ဆဋ္ဌသင်္ဂါယနာ ပါဠိတော်နှင့် တိုက်ဆိုင်ချက်

ဤစာမျက်နှာရှိ ပါဠိသည် ဆဋ္ဌသင်္ဂါယနာ ပါဠိတော် ဝသလသုတ္တံ (ခုဒ္ဒကနိကာယော၊ သုတ္တနိပါတပါဠိ၊ ဥရဂဝဂ္ဂေါ) ကို ကူးယူထားခြင်း ဖြစ်ပြီး မြန်မာပြန်ကို စာပိုဒ်နံပါတ်အလိုက် တွဲဖက်ထားသည်။

ပါဠိတော်နှင့် မြန်မာပြန် နှစ်ခုစလုံးတွင် ပထမ စာပိုဒ်နံပါတ် မတိုင်မီ နံပါတ်မတပ်ထားသော နိဒါန်းကို ‘နိဒါန်း’ ခေါင်းစဉ်ဖြင့် တွဲဖက်ထားသည်။

ပါဠိတော်တွင် စာပိုဒ်နံပါတ် ၁၄၂ တစ်ခုတည်းအောက်၌ ရှိသော စာသားကို ပါဠိနှင့် မြန်မာပြန် နှစ်ခုစလုံး စာပိုဒ်ခွဲထားသည့် နေရာများတွင် ပိုင်းခြား၍ ၁၄၂ (၁)၊ ၁၄၂ (၂) စသည်ဖြင့် တွဲဖက်ထားသည်။

မြန်မာပြန်တွင် ပါဠိတော် စာပိုဒ် ၁၄၀–၁၄၁ ကို တစ်ပိုဒ်တည်း ပေါင်း၍ ပြန်ဆိုထားသဖြင့် ထိုပါဠိ စာပိုဒ်များကို မြန်မာပြန် တစ်ပိုဒ်တည်းနှင့် တွဲဖက်ထားသည်။

ပါဠိတော်တွင် [ ] ဖြင့် ပြထားသော အခြားမူများ၏ ပါဌ်ကွဲနှင့် ကိုးကားရန် ညွှန်ပြချက်များကို ပါဠိစာသားမှ ထုတ်၍ စာပိုဒ်အလိုက် ဤတွင် ဖော်ပြထားသည် —

စာလုံးပေါင်း အမှား စသည်တို့ကို ပြင်ဆင်ထားပြီး အောက်ခြေ မူရင်းအပိုင်းတွင် ဖော်ပြထားသည်။

မူရင်း: ဝီကီရင်းမြစ် (my.wikisource.org) — သုတ္တနိပါတ် ပါဠိတော် (ရေးသားသူ — သာသနာရေးဦးစီးဌာန) · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

မူရင်း: Vipassana Research Institute (tipitaka.org) — ဝသလသုတ္တံ (ခုဒ္ဒကနိကာယော၊ သုတ္တနိပါတပါဠိ၊ ဥရဂဝဂ္ဂေါ) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့

စာလုံးပေါင်း အမှားနှင့် ကျန်ခဲ့သော စကားလုံး စသည်ဖြင့် စာသား ၄၀ နေရာကို ပြင်ဆင်ထားပြီး အောက်တွင် စာရင်းပြုထားသည်။ ဤမှအပ စာသားကို မပြင်ထားပါ။

စာသား ပြင်ဆင်ချက် (၃၂)
  • ဖြစ်လျှင်နာလော့ → ဖြစ်လျှင် နာလော့ (နိဒါန်း မြန်မာပြန်)
  • တရားတို့ကိုလည်းကောင်း၊ မသိပါ → တရားတို့ကိုလည်းကောင်း မသိပါ (နိဒါန်း မြန်မာပြန်)
  • အကြင်သူအားသတ္တဝါ၌ → အကြင်သူအား သတ္တဝါ၌ (အပိုဒ် ၁၁၇၊ မြန်မာပြန်)
  • ရှိသော်ငါ့ထံ၌ → ရှိသော် ငါ့ထံ၌ (အပိုဒ် ၁၂၀၊ မြန်မာပြန်)
  • အလိုရှိ သဖြင့် → အလိုရှိသဖြင့် (အပိုဒ် ၁၂၁၊ မြန်မာပြန်)
  • ဟူ၍သိရာ၏ → ဟူ၍ သိရာ၏ (အပိုဒ် ၁၂၁၊ မြန်မာပြန်)
  • ခင်ပွန်းတို့၏မယားတို့၌ → ခင်ပွန်းတို့၏ မယားတို့၌ (အပိုဒ် ၁၂၃၊ မြန်မာပြန်)
  • ဖြစ်စေလွန်ကျူး → ဖြစ်စေ လွန်ကျူး (အပိုဒ် ၁၂၃၊ မြန်မာပြန်)
  • ဟူ၍သိရာ၏ → ဟူ၍ သိရာ၏ (အပိုဒ် ၁၂၄၊ မြန်မာပြန်)
  • အကျိုး စီးပွါးမဲ့ → အကျိုးစီးပွါးမဲ့ (အပိုဒ် ၁၂၆၊ မြန်မာပြန်)
  • စားပြီး၍လည်းမိမိအိမ် → စားပြီး၍လည်း မိမိအိမ် (အပိုဒ် ၁၂၈၊ မြန်မာပြန်)
  • ဟူ၍သိရာ၏ → ဟူ၍ သိရာ၏ (အပိုဒ် ၁၂၈၊ မြန်မာပြန်)
  • ဖိတ် ကြားပြီးဖြစ်လျက်မုသား → ဖိတ်ကြားပြီးဖြစ်လျက် မုသား (အပိုဒ် ၁၂၉၊ မြန်မာပြန်)
  • ဟူ၍သိရာ၏ → ဟူ၍ သိရာ၏ (အပိုဒ် ၁၃၀၊ မြန်မာပြန်)
  • တစ်စုံ တစ်ခုသော → တစ်စုံတစ်ခုသော (အပိုဒ် ၁၃၁၊ မြန်မာပြန်)
  • ဟူ၍သိရာ၏ → ဟူ၍ သိရာ၏ (အပိုဒ် ၁၃၂၊ မြန်မာပြန်)
  • ရေရွတ် စွပ်စွဲ → ရေရွတ်စွပ်စွဲ (အပိုဒ် ၁၃၄၊ မြန်မာပြန်)
  • ထိုမှတစ်ပါးထိုဘုရား၏ → ထိုမှတစ်ပါး ထိုဘုရား၏ (အပိုဒ် ၁၃၄၊ မြန်မာပြန်)
  • ဒွန်းစဏ္ဍား၏သားသည်မာတင်္ဂ → ဒွန်းစဏ္ဍား၏သားသည် မာတင်္ဂ (အပိုဒ် ၁၃၇၊ မြန်မာပြန်)
  • ဗြာဟ္မာ့ ပြည်သို့ → ဗြဟ္မာ့ပြည်သို့ (အပိုဒ် ၁၃၉၊ မြန်မာပြန်)
  • ‘ကာမရာဂ'ကို → ‘ကာမရာဂ’ကို (အပိုဒ် ၁၃၉၊ မြန်မာပြန်)
  • ဖြစ် ခဲ့၏ → ဖြစ်ခဲ့၏ (အပိုဒ် ၁၃၉၊ မြန်မာပြန်)
  • ဖြစ်ခြင်းမှအမျိုးဇာတ် → ဖြစ်ခြင်းမှ အမျိုးဇာတ် (အပိုဒ် ၁၃၉၊ မြန်မာပြန်)
  • ထင်ကုန်မူယခုဘဝ → ထင်ကုန်မူ ယခုဘဝ (အပိုဒ် ၁၄၀၊ မြန်မာပြန်)
  • တမလွန် ဘဝ၌လည်း → တမလွန်ဘဝ၌လည်း (အပိုဒ် ၁၄၀၊ မြန်မာပြန်)
  • မှလည်းကောင်းအမျိုးဇာတ် → မှလည်းကောင်း အမျိုးဇာတ် (အပိုဒ် ၁၄၀၊ မြန်မာပြန်)
  • တရားတော်သည်အလွန် → တရားတော်သည် အလွန် (အပိုဒ် ၁၄၂၊ မြန်မာပြန်)
  • အသက်ထက်ဆုံးကိုးကွယ် → အသက်ထက်ဆုံး ကိုးကွယ် (အပိုဒ် ၁၄၂၊ မြန်မာပြန်)
  • ဥပါသကာဟူ၍မှတ် → ဥပါသကာဟူ၍ မှတ် (အပိုဒ် ၁၄၂၊ မြန်မာပြန်)
  • ဗြာဟ္မဏ ဖြစ်ရ၏။ (၂၇) → ဗြာဟ္မဏ ဖြစ်ရ၏”။ (၂၇) (အပိုဒ် ၁၄၂၊ မြန်မာပြန်)
  • ဒာ → ဒါ (ပါဠိ၊ ၄ ကြိမ်) — VRI မူတွင် ဒ နောက်၌ ရေးချ ဖြင့် ‘ဒာ’ ဟု ရေးထားရာ ‘အ’ ဟု မှားဖတ်နိုင်သဖြင့် မြန်မာ စာလုံးပေါင်းအတိုင်း မောက်ချ ဖြင့် ‘ဒါ’ ဟု ပြထားသည်။ အသံနှင့် အဓိပ္ပာယ် မပြောင်းပါ။
  • ဒွာ → ဒွါ (ပါဠိ၊ ၆ ကြိမ်) — VRI မူတွင် ဒွ နောက်၌ ရေးချ ဖြင့် ‘ဒွာ’ ဟု ရေးထားရာ ‘အွ’ ဟု မှားဖတ်နိုင်သဖြင့် မြန်မာ စာလုံးပေါင်းအတိုင်း (ဒွါရ ကဲ့သို့) မောက်ချ ဖြင့် ‘ဒွါ’ ဟု ပြထားသည်။ အသံနှင့် အဓိပ္ပာယ် မပြောင်းပါ။