ဓမ္မဒါန

မဟာနိဒါနသုတ်

မဟာနိဒာနသုတ္တံ

ပဋိစ္စသမုပ္ပါဒော

ပဋိစ္စသမုပ္ပါဒ် တရားတော်

အပိုဒ် ၉၅

ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ကုရူသု ဝိဟရတိ ကမ္မာသဓမ္မံ နာမ ကုရူနံ နိဂမော။ အထ ခေါ အာယသ္မာ အာနန္ဒော ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိ။ ဧကမန္တံ နိသိန္နော ခေါ အာယသ္မာ အာနန္ဒော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အစ္ဆရိယံ၊ ဘန္တေ၊ အဗ္ဘုတံ၊ ဘန္တေ! ယာဝ ဂမ္ဘီရော စာယံ၊ ဘန္တေ၊ ပဋိစ္စသမုပ္ပါဒော ဂမ္ဘီရာဝဘာသော စ၊ အထ စ ပန မေ ဥတ္တာနကုတ္တာနကော ဝိယ ခါယတီ’’တိ။ ‘‘မာ ဟေဝံ၊ အာနန္ဒ၊ အဝစ၊ မာ ဟေဝံ၊ အာနန္ဒ၊ အဝစ။ ဂမ္ဘီရော စာယံ၊ အာနန္ဒ၊ ပဋိစ္စသမုပ္ပါဒော ဂမ္ဘီရာဝဘာသော စ။ ဧတဿ၊ အာနန္ဒ၊ ဓမ္မဿ အနနုဗောဓာ အပ္ပဋိဝေဓာ ဧဝမယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌိကဇာတာ မုဉ္ဇပဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ သံသာရံ နာတိဝတ္တတိ။

မြန်မာပြန်

အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း ကမ္မာသဓမ္မမည်သော နိဂုံး၌ (သီတင်းသုံး) နေတော် မူ၏။

ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏-

“အသျှင်ဘုရား အံ့ဖွယ်ရှိပါပေစွ၊ အသျှင်ဘုရား မဖြစ်ဖူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဘုရား ဤပဋိစ္စသမုပ္ပါဒ်တရားတော်သည် အလွန် နက်လည်း နက်နဲပါ၏၊ အလွန် နက်နဲသော အသွင်လည်း ရှိပါ၏၊ သို့ဖြစ်ပါလျက် အကျွန်ုပ်၏ (ဉာဏ်ထဲ၌) တိမ်တိမ်ကလေးကဲ့သို့ပင် ထင်ပါသည်”ဟု (လျှောက်၏)။

အာနန္ဒာ ဤသို့ မဆိုလင့်၊ အာနန္ဒာ ဤသို့ မဆိုလင့်၊ ပဋိစ္စသမုပ္ပါဒ်တရားတော်သည် နက်လည်း နက်နဲ၏၊ နက်နဲသော အသွင်လည်း ရှိ၏။

အာနန္ဒာ ထို (ပဋိစ္စသမုပ္ပါဒ်) တရားတော်ကို လျော်စွာမသိခြင်းကြောင့် ထိုးထွင်း၍ မသိခြင်းကြောင့် ဤသတ္တဝါအပေါင်းသည် ချည်ခင်ထွေးကဲ့သို့ ဖြစ်၍ စာပေါင်းသိုက်ကဲ့သို့ ဖြစ်၍ ဖြူဆံမြက် ပြိတ်မြက်ကဲ့သို့ ဖြစ်၍ မကောင်းသော လားရာ ပျက်စီးလျက် ကျရောက်ရာဖြစ်သော အပါယ်ကိုလည်းကောင်း သံသရာကို လည်းကောင်း မလွန်မြောက်နိုင်ဘဲ ရှိချေ၏။

အပိုဒ် ၉၆

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဇရာမရဏ’န္တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဇရာမရဏ’န္တိ ဣတိ စေ ဝဒေယျ၊ ‘ဇာတိပစ္စယာ ဇရာမရဏ’န္တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဇာတီ’တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဇာတီ’တိ ဣတိ စေ ဝဒေယျ၊ ‘ဘဝပစ္စယာ ဇာတီ’တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဘဝေါ’တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ ။ ‘ကိံပစ္စယာ ဘဝေါ’တိ ဣတိ စေ ဝဒေယျ၊ ‘ဥပါဒာနပစ္စယာ ဘဝေါ’တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဥပါဒာန’န္တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဥပါဒာန’န္တိ ဣတိ စေ ဝဒေယျ၊ ‘တဏှာပစ္စယာ ဥပါဒာန’န္တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ တဏှာ’တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ တဏှာ’တိ ဣတိ စေ ဝဒေယျ၊ ‘ဝေဒနာပစ္စယာ တဏှာ’တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဝေဒနာ’တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဝေဒနာ’တိ ဣတိ စေ ဝဒေယျ၊ ‘ဖဿပစ္စယာ ဝေဒနာ’တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဖဿော’တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဖဿော’တိ ဣတိ စေ ဝဒေယျ၊ ‘နာမရူပပစ္စယာ ဖဿော’တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ နာမရူပ’န္တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ နာမရူပ’န္တိ ဣတိ စေ ဝဒေယျ၊ ‘ဝိညာဏပစ္စယာ နာမရူပ’န္တိ ဣစ္စဿ ဝစနီယံ။

‘‘‘အတ္ထိ ဣဒပ္ပစ္စယာ ဝိညာဏ’န္တိ ဣတိ ပုဋ္ဌေန သတာ၊ အာနန္ဒ၊ အတ္ထီတိဿ ဝစနီယံ။ ‘ကိံပစ္စယာ ဝိညာဏ’န္တိ ဣတိ စေ ဝဒေယျ၊ ‘နာမရူပပစ္စယာ ဝိညာဏ’န္တိ ဣစ္စဿ ဝစနီယံ။

မြန်မာပြန်

အာနန္ဒာ အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် ဖြစ်ကြောင်း ကံ ‘ဘဝ’ ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ဖြစ်ကြောင်းကံ ‘ဘဝ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။ အဘယ်အကြောင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ စွဲလမ်းခြင်း ‘ဥပါဒါန်’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် တပ်မက်ခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ တပ်မက်ခြင်း ‘တဏှာ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် ခံစားခြင်း ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ခံစားခြင်း ‘ဝေဒနာ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် တွေ့ထိခြင်း ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ တွေ့ထိခြင်း ‘ဖဿ’ ၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ သည် ဖြစ်သနည်းဟု မေးပြန်လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ နာမ်ရုပ်၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်သနည်းဟု မေးပြန်လျှင် ဝိညာဉ်ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အာနန္ဒာ ဝိညာဉ်၏ အကြောင်းသည် ရှိသလောဟု မေးလျှင် ရှိ၏ဟု ဖြေဆိုအပ်၏။

အဘယ်အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်သနည်းဟု မေးပြန်လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်၏ဟု ဖြေဆိုအပ်၏။

အပိုဒ် ၉၇

‘‘ဣတိ ခေါ၊ အာနန္ဒ၊ နာမရူပပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒာနံ၊ ဥပါဒာနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ ၊ ဇာတိပစ္စယာ ဇရာမရဏံ သောကပရိဒေဝဒုက္ခဒောမနဿုပါယာသာ သမ္ဘဝန္တိ။ ဧဝမေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

မြန်မာပြန်

အာနန္ဒာ ဤသို့လျှင် နာမ်ရုပ်ဟူသော အကြောင်းကြောင့် ဝိညာဉ်သည် ဖြစ်၏၊ ဝိညာဉ်ဟူသောအကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏၊ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ သည် ဖြစ်၏၊ တွေ့ထိခြင်း ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်၏၊ ခံစားခြင်း ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်ခြင်း ‘တဏှာ’ သည် ဖြစ်၏၊ တပ်မက်ခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ဖြစ်၏၊ စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ သည် ဖြစ်၏၊ ဖြစ်ကြောင်းကံ ‘ဘဝ’ ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ ၊ သေခြင်း ‘မရဏ’ ၊ စိုးရိမ်ပူဆွေးခြင်း ‘သောက’ ၊ ငိုကြွေးခြင်း ‘ပရိဒေဝ’ ၊ ကိုယ်ဆင်းရဲခြင်း ‘ဒုက္ခ’ ၊ စိတ်ဆင်းရဲခြင်း ‘ဒေါမနဿ’ ၊ ပြင်းစွာပင်ပန်းခြင်း ‘ဥပါယာသ’ တို့သည် ဖြစ်ကုန်၏၊ ဤနည်းဖြင့် ဤဆင်းရဲအစု သက်သက်၏ ဖြစ်ပေါ်ခြင်းသည် ထင်ရှား၏။

အပိုဒ် ၉၈

‘‘‘ဇာတိပစ္စယာ ဇရာမရဏ’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဇာတိပစ္စယာ ဇရာမရဏံ။ ဇာတိ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – ဒေဝါနံ ဝါ ဒေဝတ္တာယ၊ ဂန္ဓဗ္ဗာနံ ဝါ ဂန္ဓဗ္ဗတ္တာယ၊ ယက္ခါနံ ဝါ ယက္ခတ္တာယ၊ ဘူတာနံ ဝါ ဘူတတ္တာယ၊ မနုဿာနံ ဝါ မနုဿတ္တာယ၊ စတုပ္ပဒာနံ ဝါ စတုပ္ပဒတ္တာယ၊ ပက္ခီနံ ဝါ ပက္ခိတ္တာယ၊ သရီသပါနံ ဝါ သရီသပတ္တာယ၊ တေသံ တေသဉ္စ ဟိ၊ အာနန္ဒ၊ သတ္တာနံ တဒတ္တာယ ဇာတိ နာဘဝိဿ။ သဗ္ဗသော ဇာတိယာ အသတိ ဇာတိနိရောဓာ အပိ နု ခေါ ဇရာမရဏံ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဇရာမရဏဿ၊ ယဒိဒံ ဇာတိ’’။

မြန်မာပြန်

အာနန္ဒာ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟူသော အကြောင်းကြောင့် အိုခြင်း ‘ဇရာ’ ၊ သေခြင်း ‘မရဏ’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ကား အဘယ်နည်း။

နတ်ဖြစ်ခြင်းငှါ နတ်တို့၏ ဇာတိသည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်ဖြစ်ခြင်းငှါ ဂန္ဓဗ္ဗနတ်တို့၏ ဇာတိသည်လည်းကောင်း၊ ဘီလူးဖြစ်ခြင်းငှါ ဘီလူးတို့၏ ဇာတိသည်လည်းကောင်း၊ ကိုယ်ထင်ရှားသတ္တဝါ ဖြစ်ခြင်းငှါ ကိုယ်ထင်ရှားသတ္တဝါတို့၏ ဇာတိသည်လည်းကောင်း၊ လူဖြစ်ခြင်းငှါ လူတို့၏ ဇာတိသည်လည်းကောင်း၊ ခြေလေးချောင်းသတ္တဝါဖြစ်ခြင်းငှါ ခြေလေးချောင်းသတ္တဝါတို့၏ ဇာတိသည်လည်းကောင်း၊ ငှက်ဖြစ်ခြင်းငှါ ငှက်တို့၏ ဇာတိသည်လည်းကောင်း၊ တွားသွားကောင်ဖြစ်ခြင်းငှါ တွားသွားကောင်တို့၏ ဇာတိ သည်လည်းကောင်း၊ အာနန္ဒာ ထိုထိုသတ္တဝါဖြစ်ခြင်းငှါ ထိုထိုသတ္တဝါတို့၏ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် မဖြစ်ငြားအံ့၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ၏ ချုပ်ခြင်းကြောင့် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤပဋိသန္ဓေနေခြင်း ‘ဇာတိ’ တရားသည်သာလျှင် အိုခြင်း ‘ဇရာ’ သေခြင်း ‘မရဏ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၉၉

‘‘‘ဘဝပစ္စယာ ဇာတီ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဘဝပစ္စယာ ဇာတိ။ ဘဝေါ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – ကာမဘဝေါ ဝါ ရူပဘဝေါ ဝါ အရူပဘဝေါ ဝါ၊ သဗ္ဗသော ဘဝေ အသတိ ဘဝနိရောဓာ အပိ နု ခေါ ဇာတိ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဇာတိယာ၊ ယဒိဒံ ဘဝေါ’’။

မြန်မာပြန်

အာနန္ဒာ ဖြစ်ကြောင်းကံ ‘ဘဝ’ ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဖြစ်ကြောင်းကံ ‘ဘဝ’ ဟူသော အကြောင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဖြစ်ကြောင်းကံ ‘ဘဝ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤဖြစ်ကြောင်းကံ ‘ဘဝ’ ကား အဘယ်နည်း။

ကာမဘဝ ရူပဘဝ အရူပဘဝတို့ပေတည်း၊ ဖြစ်ကြောင်းကံ ‘ဘဝ’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် ဘဝချုပ်ခြင်းကြောင့် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဖြစ်ကြောင်းကံ ‘ဘဝ’ သည်သာလျှင် ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၀

‘‘‘ဥပါဒာနပစ္စယာ ဘဝေါ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဥပါဒာနပစ္စယာ ဘဝေါ။ ဥပါဒာနဉ္စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ ၊ သေယျထိဒံ – ကာမုပါဒာနံ ဝါ ဒိဋ္ဌုပါဒာနံ ဝါ သီလဗ္ဗတုပါဒာနံ ဝါ အတ္တဝါဒုပါဒာနံ ဝါ၊ သဗ္ဗသော ဥပါဒာနေ အသတိ ဥပါဒာနနိရောဓာ အပိ နု ခေါ ဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဘဝဿ၊ ယဒိဒံ ဥပါဒာနံ’’။

မြန်မာပြန်

အာနန္ဒာ စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ စွဲလမ်းခြင်း ‘ဥပါဒါန်’ ဟူသော အကြောင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤစွဲလမ်းခြင်း ‘ဥပါဒါန်’ ကား အဘယ်နည်း။

ကာမဂုဏ်၌ စွဲလမ်းခြင်း ‘ကာမုပါဒါန်’ ၊ အယူ၌ စွဲလမ်းခြင်း ‘ဒိဋ္ဌုပါဒါန်’ ၊ အလေ့အကျင့်၌ စွဲလမ်းခြင်း ‘သီလဗ္ဗတုပါဒါန်’ ၊ အတ္တဟူသော ဝါဒ၌ စွဲလမ်းခြင်း ‘အတ္တဝါဒုပါဒါန်’ တို့ပေတည်း။

စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် စွဲလမ်းခြင်း ‘ဥပါဒါန်’ ၏ ချုပ်ခြင်းကြောင့် ဖြစ်ကြောင်းကံ ‘ဘဝ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤစွဲလမ်းခြင်း ‘ဥပါဒါန်’ သည်သာလျှင် ဖြစ်ကြောင်းကံ ‘ဘဝ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၁

‘‘‘တဏှာပစ္စယာ ဥပါဒာန’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ တဏှာပစ္စယာ ဥပါဒာနံ။ တဏှာ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – ရူပတဏှာ သဒ္ဒတဏှာ ဂန္ဓတဏှာ ရသတဏှာ ဖောဋ္ဌဗ္ဗတဏှာ ဓမ္မတဏှာ၊ သဗ္ဗသော တဏှာယ အသတိ တဏှာနိရောဓာ အပိ နု ခေါ ဥပါဒာနံ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဥပါဒာနဿ၊ ယဒိဒံ တဏှာ’’။

မြန်မာပြန်

အာနန္ဒာ တပ်မက်ခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည်ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တပ်မက်ခြင်း ‘တဏှာ’ ဟူသော အကြောင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တပ်မက်ခြင်း ‘တဏှာ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤတပ်မက်ခြင်း ‘တဏှာ’ ကား အဘယ်နည်း။

အဆင်းကို တပ်မက်မှု ‘ရူပတဏှာ’ ၊ အသံကို တပ်မက်မှု ‘သဒ္ဒတဏှာ’ ၊ အနံ့ကို တပ်မက်မှု ‘ဂန္ဓတဏှာ’ ၊ အရသာကို တပ်မက်မှု ‘ရသတဏှာ’ ၊ အတွေ့ကို တပ်မက်မှု ‘ဖောဋ္ဌဗ္ဗတဏှာ’ ၊ သဘောကို တပ်မက်မှု ‘ဓမ္မတဏှာ’ တို့ပေတည်း။

တပ်မက်မှု ‘တဏှာ’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် တပ်မက်မှု ‘တဏှာ’ ချုပ်ခြင်းကြောင့် စွဲလမ်းခြင်း ‘ဥပါဒါန်’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတပ်မက်မှု ‘တဏှာ’ သည်သာလျှင် စွဲလမ်းခြင်း ‘ဥပါဒါန်’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၂

‘‘‘ဝေဒနာပစ္စယာ တဏှာ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဝေဒနာပစ္စယာ တဏှာ။ ဝေဒနာ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – စက္ခုသမ္ဖဿဇာ ဝေဒနာ သောတသမ္ဖဿဇာ ဝေဒနာ ဃာနသမ္ဖဿဇာ ဝေဒနာ ဇိဝှာသမ္ဖဿဇာ ဝေဒနာ ကာယသမ္ဖဿဇာ ဝေဒနာ မနောသမ္ဖဿဇာ ဝေဒနာ၊ သဗ္ဗသော ဝေဒနာယ အသတိ ဝေဒနာနိရောဓာ အပိ နု ခေါ တဏှာ ပညာယေထာ’’တိ ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော တဏှာယ၊ ယဒိဒံ ဝေဒနာ’’။

မြန်မာပြန်

အာနန္ဒာ ခံစားခြင်း ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ခံစားခြင်း ‘ဝေဒနာ’ ဟူသော အကြောင်းကြောင့် တပ်မက်မှု ‘တဏှာ’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ခံစားခြင်း ‘ဝေဒနာ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤခံစားခြင်း ‘ဝေဒနာ’ ကား အဘယ်နည်း။

မျက်စိနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ နားနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ နှာခေါင်းနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ လျှာနှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်း၊ ကိုယ်နှင့် တွေ့ခြင်းကြောင့်ဖြစ်သော ခံစားခြင်း၊ စိတ်နှင့် တွေ့ခြင်းကြောင့် ဖြစ်သော ခံစားခြင်းတို့ပေတည်း။

ခံစားခြင်း ‘ဝေဒနာ’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် တပ်မက်မှု ‘တဏှာ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤခံစားခြင်း ‘ဝေဒနာ’ သည်သာလျှင် တပ်မက်မှု ‘တဏှာ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၃

‘‘ဣတိ ခေါ ပနေတံ၊ အာနန္ဒ၊ ဝေဒနံ ပဋိစ္စ တဏှာ၊ တဏှံ ပဋိစ္စ ပရိယေသနာ၊ ပရိယေသနံ ပဋိစ္စ လာဘော၊ လာဘံ ပဋိစ္စ ဝိနိစ္ဆယော၊ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ၊ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ၊ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော၊ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံ၊ မစ္ဆရိယံ ပဋိစ္စ အာရက္ခေါ။ အာရက္ခါဓိကရဏံ ဒဏ္ဍာဒာနသတ္ထာဒာနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။

မြန်မာပြန်

အာနန္ဒာ ဤသို့လျှင် ခံစားခြင်း ‘ဝေဒနာ’ ကို စွဲ၍ တပ်မက်ခြင်း ‘တဏှာ’ သည် ဖြစ်၏၊ တပ်မက်ခြင်းကို စွဲ၍ ရှာမှီးခြင်းသည် ဖြစ်၏၊ ရှာမှီးခြင်းကို စွဲ၍ ရခြင်းသည် ဖြစ်၏၊ ရခြင်းကို စွဲ၍ အသုံးချရန် စိတ်ပိုင်းဖြတ်ခြင်းသည် ဖြစ်၏၊ စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ သည် ဖြစ်၏၊ ထိုနှစ်သက်တပ်စွဲခြင်းကို စွဲ၍ ငါ့ဟာဟု မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် ဖြစ်၏၊ မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းသည် ဖြစ်၏၊ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းသည် ဖြစ်၏၊ ဝန်တိုခြင်းကို စွဲ၍ (ဥစ္စာကို) စောင့်ရှောက်ခြင်းသည် ဖြစ်၏၊ (ဥစ္စာကို) စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရား များစွာတို့သည် ဖြစ်ကုန်၏။

အပိုဒ် ၁၀၄

‘‘‘အာရက္ခါဓိကရဏံ ဒဏ္ဍာဒာနသတ္ထာဒာနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တီ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ အာရက္ခါဓိကရဏံ ဒဏ္ဍာဒာနသတ္ထာဒာနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝန္တိ။ အာရက္ခေါ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော အာရက္ခေ အသတိ အာရက္ခနိရောဓာ အပိ နု ခေါ ဒဏ္ဍာဒာနသတ္ထာဒာနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒာ အနေကေ ပါပကာ အကုသလာ ဓမ္မာ သမ္ဘဝေယျု’’န္တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဒဏ္ဍာဒာနသတ္ထာဒာနကလဟဝိဂ္ဂဟဝိဝါဒတုဝံတုဝံပေသုညမုသာဝါဒာနံ အနေကေသံ ပါပကာနံ အကုသလာနံ ဓမ္မာနံ သမ္ဘဝါယ ယဒိဒံ အာရက္ခေါ။

မြန်မာပြန်

အာနန္ဒာ ဥစ္စာကို စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ် မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့သည် ဖြစ်ကုန်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဥစ္စာကို စောင့်ရှောက်ခြင်းဟူသော အကြောင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဥစ္စာကို စောင့်ရှောက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ဥစ္စာကို စောင့်ရှောက်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ဥစ္စာကို စောင့်ရှောက်ခြင်း၏ ချုပ်ခြင်းကြောင့် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရား များစွာတို့သည် ဖြစ်နိုင်ပါကုန်ဦးမည်လောဟု (မိန့်တော်မူ၏)။

မဖြစ်နိုင်ပါကုန် အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ထိုဥစ္စာကို စောင့်ရှောက်ခြင်းသည်သာလျှင် တုတ်ဆောင်ရခြင်း လက်နက်ဆောင်ရခြင်း ခိုက်ရန်ဖြစ်ခြင်း ဆန့်ကျင်ခြင်း ငြင်းခုံခြင်း မခံသာအောင်ပြောဆိုခြင်း ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်းဟူသော ယုတ်မာသော အကုသိုလ်တရားများစွာတို့ ဖြစ်ပွါးခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၅

‘‘‘မစ္ဆရိယံ ပဋိစ္စ အာရက္ခေါ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ မစ္ဆရိယံ ပဋိစ္စ အာရက္ခေါ။ မစ္ဆရိယဉ္စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ ၊ သဗ္ဗသော မစ္ဆရိယေ အသတိ မစ္ဆရိယနိရောဓာ အပိ နု ခေါ အာရက္ခေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော အာရက္ခဿ၊ ယဒိဒံ မစ္ဆရိယံ’’။

မြန်မာပြန်

အာနန္ဒာ ဝန်တိုခြင်းကို စွဲ၍ ဥစ္စာကို စောင့်ရှောက်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ဝန်တိုခြင်းကို စွဲ၍ ဥစ္စာကို စောင့်ရှောက်ခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ဝန်တိုခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မဖြစ်ငြားအံ့၊ ဝန်တိုခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ဝန်တိုခြင်း၏ ချုပ်ခြင်းကြောင့် ဥစ္စာကို စောင့်ရှောက်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဝန်တိုခြင်းသည်သာလျှင် ဥစ္စာကို စောင့်ရှောက်ခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၆

‘‘‘ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယ’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ပရိဂ္ဂဟံ ပဋိစ္စ မစ္ဆရိယံ။ ပရိဂ္ဂဟော စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော ပရိဂ္ဂဟေ အသတိ ပရိဂ္ဂဟနိရောဓာ အပိ နု ခေါ မစ္ဆရိယံ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော မစ္ဆရိယဿ၊ ယဒိဒံ ပရိဂ္ဂဟော’’။

မြန်မာပြန်

အာနန္ဒာ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းသည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ သိမ်းပိုက်ခြင်းကို စွဲ၍ ဝန်တိုခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား သိမ်းပိုက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ သိမ်းပိုက်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် သိမ်းပိုက်ခြင်း၏ ချုပ်ခြင်းကြောင့် ဝန်တိုခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤသိမ်းပိုက်ခြင်းသည်သာလျှင် ဝန်တိုခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၇

‘‘‘အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ အဇ္ဈောသာနံ ပဋိစ္စ ပရိဂ္ဂဟော။ အဇ္ဈောသာနဉ္စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော အဇ္ဈောသာနေ အသတိ အဇ္ဈောသာနနိရောဓာ အပိ နု ခေါ ပရိဂ္ဂဟော ပညာယေထာ’’တိ ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ပရိဂ္ဂဟဿ – ယဒိဒံ အဇ္ဈောသာနံ’’။

မြန်မာပြန်

အာနန္ဒာ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းကို စွဲ၍ သိမ်းပိုက်ခြင်းဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်း၏ ချုပ်ခြင်းကြောင့် သိမ်းပိုက်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည်သာလျှင် သိမ်းပိုက်ခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၈

‘‘‘ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာန’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဆန္ဒရာဂံ ပဋိစ္စ အဇ္ဈောသာနံ။ ဆန္ဒရာဂေါ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော ဆန္ဒရာဂေ အသတိ ဆန္ဒရာဂနိရောဓာ အပိ နု ခေါ အဇ္ဈောသာနံ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော အဇ္ဈောသာနဿ၊ ယဒိဒံ ဆန္ဒရာဂေါ’’။

မြန်မာပြန်

အာနန္ဒာ နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ ကို စွဲ၍ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည်ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ ကို စွဲ၍ (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ နှစ်သက်တပ်စွဲခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် နှစ်သက်တပ်စွဲခြင်း၏ ချုပ်ခြင်းကြောင့် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ သည်သာလျှင် (ငါ့ဟာဟု) မြဲမြံစွာ ဆုံးဖြတ်ခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၀၉

‘‘‘ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဝိနိစ္ဆယံ ပဋိစ္စ ဆန္ဒရာဂေါ။ ဝိနိစ္ဆယော စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော ဝိနိစ္ဆယေ အသတိ ဝိနိစ္ဆယနိရောဓာ အပိ နု ခေါ ဆန္ဒရာဂေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဆန္ဒရာဂဿ၊ ယဒိဒံ ဝိနိစ္ဆယော’’။

မြန်မာပြန်

အာနန္ဒာ (အသုံးချရန်) စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ စိတ်ပိုင်းဖြတ်ခြင်းကို စွဲ၍ နှစ်သက်တပ်စွဲခြင်း ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား စိတ်ပိုင်းဖြတ်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ စိတ်ပိုင်းဖြတ်ခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် စိတ်ပိုင်းဖြတ်ခြင်း၏ ချုပ်ခြင်းကြောင့် နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤစိတ်ပိုင်းဖြတ်ခြင်းသည်သာလျှင် နှစ်သက်တပ်စွဲခြင်း ‘ဆန္ဒရာဂ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၀

‘‘‘လာဘံ ပဋိစ္စ ဝိနိစ္ဆယော’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ လာဘံ ပဋိစ္စ ဝိနိစ္ဆယော။ လာဘော စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော လာဘေ အသတိ လာဘနိရောဓာ အပိ နု ခေါ ဝိနိစ္ဆယော ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဝိနိစ္ဆယဿ၊ ယဒိဒံ လာဘော’’။

မြန်မာပြန်

အာနန္ဒာ ရခြင်းကို စွဲ၍ (အသုံးချရန်) စိတ်ပိုင်းဖြတ်ခြင်းသည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ရခြင်းကို စွဲ၍ စိတ်ပိုင်းဖြတ်ခြင်း ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ရခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ရခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ရခြင်း၏ချုပ်ခြင်းကြောင့် စိတ်ပိုင်းဖြတ်ခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤရခြင်းသည်သာလျှင် စိတ်ပိုင်းဖြတ်ခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၁

‘‘‘ပရိယေသနံ ပဋိစ္စ လာဘော’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ပရိယေသနံ ပဋိစ္စ လာဘော။ ပရိယေသနာ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သဗ္ဗသော ပရိယေသနာယ အသတိ ပရိယေသနာနိရောဓာ အပိ နု ခေါ လာဘော ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော လာဘဿ၊ ယဒိဒံ ပရိယေသနာ’’။

မြန်မာပြန်

အာနန္ဒာ ရှာမှီးခြင်းကို စွဲ၍ ရခြင်းဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ ရှာမှီးခြင်းကို စွဲ၍ ရခြင်းဖြစ်ပုံကို (ဤ ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား ရှာမှီးခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့၊ ရှာမှီးခြင်းသည် အချင်းခပ်သိမ်း မရှိခဲ့သော် ရှာမှီးခြင်း၏ ချုပ်ခြင်းကြောင့် ရခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤရှာမှီးခြင်းသည်သာလျှင် ရခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၂

‘‘‘တဏှံ ပဋိစ္စ ပရိယေသနာ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ တဏှံ ပဋိစ္စ ပရိယေသနာ။ တဏှာ စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – ကာမတဏှာ ဘဝတဏှာ ဝိဘဝတဏှာ၊ သဗ္ဗသော တဏှာယ အသတိ တဏှာနိရောဓာ အပိ နု ခေါ ပရိယေသနာ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ပရိယေသနာယ၊ ယဒိဒံ တဏှာ။ ဣတိ ခေါ၊ အာနန္ဒ၊ ဣမေ ဒွေ ဓမ္မာ ဒွယေန ဝေဒနာယ ဧကသမောသရဏာ ဘဝန္တိ’’။

မြန်မာပြန်

အာနန္ဒာ တပ်မက်ခြင်း ‘တဏှာ’ ကို စွဲ၍ ရှာမှီးခြင်းသည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တပ်မက်ခြင်း ‘တဏှာ’ ကို စွဲ၍ ရှာမှီးခြင်း ဖြစ်ပုံကို (ဤ ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တပ်မက်ခြင်းသည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။

ဤတပ်မက်ခြင်းကား အဘယ်နည်း။ ကာမဂုဏ်၌ တပ်မက်ခြင်း ‘ကာမတဏှာ’ ဘဝမပြတ်စဲနိုင်ဟု ထင်လျက် တပ်မက်ခြင်း ‘ဘဝတဏှာ’ ဘဝပြတ်စဲမည်ထင်လျက် တပ်မက်ခြင်း ‘ဝိဘဝတဏှာ’ တို့ပေတည်း။ တပ်မက်ခြင်း ‘တဏှာ’ သည် အချင်းခပ်သိမ်း မဖြစ်ခဲ့သော် တပ်မက်ခြင်းတဏှာ ချုပ်ခြင်းကြောင့် ရှာမှီးခြင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတပ်မက်ခြင်း ‘တဏှာ’ သည်သာလျှင် ရှာမှီးခြင်း၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အာနန္ဒာ ဤသို့လျှင် နှစ်မျိုးပြားသော၁ ဤ (တဏှာ) တရားတို့သည် ဝေဒနာဟူသော အကြောင်းတစ်ပါးတည်းကြောင့်သာလျှင် ဖြစ်ကုန်၏။

အပိုဒ် ၁၁၃

‘‘‘ဖဿပစ္စယာ ဝေဒနာ’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ‘ဖဿပစ္စယာ ဝေဒနာ။ ဖဿော စ ဟိ၊ အာနန္ဒ၊ နာဘဝိဿ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ ကဿစိ ကိမှိစိ၊ သေယျထိဒံ – စက္ခုသမ္ဖဿော သောတသမ္ဖဿော ဃာနသမ္ဖဿော ဇိဝှာသမ္ဖဿော ကာယသမ္ဖဿော မနောသမ္ဖဿော၊ သဗ္ဗသော ဖဿေ အသတိ ဖဿနိရောဓာ အပိ နု ခေါ ဝေဒနာ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဝေဒနာယ၊ ယဒိဒံ ဖဿော’’။

မြန်မာပြန်

အာနန္ဒာ တွေ့ထိခြင်း ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ တွေ့ထိခြင်း ‘ဖဿ’ ဟူသော အကြောင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ တစ်စုံတစ်ခုသော ဘုံ၌ တစ်စုံတစ်ယောက်သော သတ္တဝါအား တွေ့ထိခြင်း ‘ဖဿ’ သည် မည်သည့်အခြင်းအရာ မည်သည့်သဘောအားဖြင့်မျှ မရှိငြားအံ့။ ဤတွေ့ထိခြင်း ‘ဖဿ’ ကား အဘယ်နည်း။

မျက်စိအတွေ့ ‘စက္ခုသမ္ဖဿ’ ၊ နားအတွေ့ ‘သောတသမ္ဖဿ’ ၊ နှာခေါင်းအတွေ့ ‘ဃာနသမ္ဖဿ’ ၊ လျှာအတွေ့ ‘ဇိဝှါသမ္ဖဿ’ ၊ ကိုယ်အတွေ့ ‘ကာယသမ္ဖဿ’ ၊ စိတ်အတွေ့ ‘မနောသမ္ဖဿ’ တို့ပေတည်း။

တွေ့ထိခြင်း ‘ဖဿ’ သည် အချင်းခပ်သိမ်း မရှိခဲ့သော် တွေ့ခြင်း ‘ဖဿ’ ချုပ်ခြင်းကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤတွေ့ထိခြင်း ‘ဖဿ’ သည်သာလျှင် ခံစားခြင်း ‘ဝေဒနာ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၄

‘‘‘နာမရူပပစ္စယာ ဖဿော’တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ နာမရူပပစ္စယာ ဖဿော။ ယေဟိ၊ အာနန္ဒ၊ အာကာရေဟိ ယေဟိ လိင်္ဂေဟိ ယေဟိ နိမိတ္တေဟိ ယေဟိ ဥဒ္ဒေသေဟိ နာမကာယဿ ပညတ္တိ ဟောတိ၊ တေသု အာကာရေသု တေသု လိင်္ဂေသု တေသု နိမိတ္တေသု တေသု ဥဒ္ဒေသေသု အသတိ အပိ နု ခေါ ရူပကာယေ အဓိဝစနသမ္ဖဿော ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘ယေဟိ၊ အာနန္ဒ၊ အာကာရေဟိ ယေဟိ လိင်္ဂေဟိ ယေဟိ နိမိတ္တေဟိ ယေဟိ ဥဒ္ဒေသေဟိ ရူပကာယဿ ပညတ္တိ ဟောတိ၊ တေသု အာကာရေသု။ပေ.။ တေသု ဥဒ္ဒေသေသု အသတိ အပိ နု ခေါ နာမကာယေ ပဋိဃသမ္ဖဿော ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘ယေဟိ၊ အာနန္ဒ၊ အာကာရေဟိ။ပေ.။ ယေဟိ ဥဒ္ဒေသေဟိ နာမကာယဿ စ ရူပကာယဿ စ ပညတ္တိ ဟောတိ ၊ တေသု အာကာရေသု။ပေ.။ တေသု ဥဒ္ဒေသေသု အသတိ အပိ နု ခေါ အဓိဝစနသမ္ဖဿော ဝါ ပဋိဃသမ္ဖဿော ဝါ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘ယေဟိ၊ အာနန္ဒ၊ အာကာရေဟိ။ပေ.။ ယေဟိ ဥဒ္ဒေသေဟိ နာမရူပဿ ပညတ္တိ ဟောတိ၊ တေသု အာကာရေသု ။ပေ.။ တေသု ဥဒ္ဒေသေသု အသတိ အပိ နု ခေါ ဖဿော ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဖဿဿ၊ ယဒိဒံ နာမရူပံ’’။

မြန်မာပြန်

အာနန္ဒာ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နာမ်ရုပ်ဟူသော အကြောင်းကြောင့် တွေ့ထိခြင်း ‘ဖဿ’ ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ (အာရုံကို တွေ့ခြင်း ခံစားခြင်း မှတ်သားခြင်းစသော) အကြင်အခြင်းအရာ အကြင်အသွင်အပြင် အကြင်သိကြောင်းနိမိတ် အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် (ဖဿ ဝေဒနာ သညာစသော) နာမ်အပေါင်း ‘နာမကာယ’ ကို (ဖဿ ဝေဒနာ သညာ စသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ ထိုအသွင်အပြင် ထိုသိကြောင်းနိမိတ် ထိုညွှန်ပြအပ်သော သဘောတို့ မရှိခဲ့သော် အမည်ဖြင့် ပြရသော ကြံသိတွေ့ ‘အဓိဝစနသမ္ဖဿ’၂ သည် ရုပ်အပေါင်း ‘ရူပကာယ’ ၌ ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ (ကြမ်းတမ်းခက်မာခြင်း ယိုစီးခြင်း ပူခြင်း ထောက်ကန်ခြင်းစသော) အကြင်အခြင်းအရာ အကြင်အသွင်အပြင် အကြင်သိကြောင်းနိမိတ် အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် (ပထဝီ အာပေါ တေဇော ဝါယောစသော) ရုပ်အပေါင်း ‘ရူပကာယ’ ကို (ပထဝီ အာပေါ တေဇော ဝါယော စသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် ထိခိုက်တွေ့ ‘ပဋိဃသမ္ဖဿ'၃ သည် နာမ်အပေါင်း ‘နာမကာယ’ ၌ ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ (အာရုံကို တွေ့ခြင်းစသည်နှင့် ကြမ်းတမ်းခက်မာခြင်းစသော) အကြင်အခြင်းအရာ။ ပ။ အကြင်ညွှန်ပြအပ်သောသဘောတို့ဖြင့် (ဖဿစသော) နာမ်အပေါင်း ‘နာမကာယ’ ကိုလည်းကောင်း (ပထဝီစသော) ရုပ်အပေါင်း ‘ရူပကာယ’ ကိုလည်းကောင်း (ဖဿစသည် ပထဝီစသည်ဖြင့်) ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် အမည်ဖြင့်ပြရသော ကြံသိတွေ့ ‘အဓိဝစနသမ္ဖဿ’ သည်လည်းကောင်း ထိခိုက်တွေ့ ‘ပဋိဃသမ္ဖဿ’ သည်လည်းကောင်း ထင်ရှားရှိနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ အကြင်အခြင်းအရာ။ ပ။ အကြင်ညွှန်ပြအပ်သော သဘောတို့ဖြင့် နာမ်ရုပ်ကို ခေါ်ဝေါ်ပညတ်ရ၏၊ ထိုအခြင်းအရာ။ပ။ ထိုညွှန်ပြအပ်သော သဘောတို့သည် မရှိခဲ့သော် တွေ့ခြင်း ‘ဖဿ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤနာမ်ရုပ်သည်သာလျှင် တွေ့ထိခြင်း ‘ဖဿ’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၅

‘‘‘ဝိညာဏပစ္စယာ နာမရူပ’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ ဝိညာဏပစ္စယာ နာမရူပံ။ ဝိညာဏဉ္စ ဟိ၊ အာနန္ဒ၊ မာတုကုစ္ဆိသ္မိံ န ဩက္ကမိဿထ၊ အပိ နု ခေါ နာမရူပံ မာတုကုစ္ဆိသ္မိံ သမုစ္စိဿထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘ဝိညာဏဉ္စ ဟိ၊ အာနန္ဒ၊ မာတုကုစ္ဆိသ္မိံ ဩက္ကမိတွာ ဝေါက္ကမိဿထ၊ အပိ နု ခေါ နာမရူပံ ဣတ္ထတ္တာယ အဘိနိဗ္ဗတ္တိဿထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘ဝိညာဏဉ္စ ဟိ၊ အာနန္ဒ၊ ဒဟရဿေဝ သတော ဝေါစ္ဆိဇ္ဇိဿထ ကုမာရကဿ ဝါ ကုမာရိကာယ ဝါ၊ အပိ နု ခေါ နာမရူပံ ဝုဒ္ဓိံ ဝိရူဠှိံ ဝေပုလ္လံ အာပဇ္ဇိဿထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော နာမရူပဿ – ယဒိဒံ ဝိညာဏံ’’။

မြန်မာပြန်

အာနန္ဒာ သိခြင်း ‘ဝိညာဉ်’ ဟူသော အကြောင်းကြောင့် နာမ်ရုပ်သည် ဖြစ်၏ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ သိခြင်း ‘ဝိညာဉ်’ ဟူသော အကြောင်းကြောင့် နာမ်ရုပ်ဖြစ်ပုံကို (ဤဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ သိခြင်း ‘ဝိညာဉ်’ သည် အမိဝမ်း၌ မသက်ရောက်ငြားအံ့၊ နာမ်ရုပ်သည် အမိဝမ်း၌ တစ်ပေါင်းတည်း ဖြစ်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မဖြစ်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ သိခြင်း ‘ဝိညာဉ်’ သည် အမိဝမ်း၌ သက်ရောက်ပြီးလျှင် ချုပ်သွားငြားအံ့၊ နာမ်ရုပ်သည် ဤခန္ဓာကိုယ် ဖြစ်ခြင်းငှါ ဖြစ်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မဖြစ်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ သိခြင်း ‘ဝိညာဉ်’ သည်လည်း သူငယ်အားဖြစ်စေ သူငယ်မအားဖြစ်စေ ငယ်စဉ်ကပင် ချုပ်သွားငြားအံ့၊ နာမ်ရုပ်သည် ကြီးပွါးစည်ပင် ပြန့်ပွါးခြင်းသို့ ရောက်နိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မရောက်နိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ဤဝိညာဉ်သည်သာလျှင် နာမ်ရုပ်၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အပိုဒ် ၁၁၆

‘‘‘နာမရူပပစ္စယာ ဝိညာဏ’န္တိ ဣတိ ခေါ ပနေတံ ဝုတ္တံ၊ တဒာနန္ဒ၊ ဣမိနာပေတံ ပရိယာယေန ဝေဒိတဗ္ဗံ၊ ယထာ နာမရူပပစ္စယာ ဝိညာဏံ။ ဝိညာဏဉ္စ ဟိ၊ အာနန္ဒ၊ နာမရူပေ ပတိဋ္ဌံ န လဘိဿထ၊ အပိ နု ခေါ အာယတိံ ဇာတိဇရာမရဏံ ဒုက္ခသမုဒယသမ္ဘဝေါ ပညာယေထာ’’တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧသေဝ ဟေတု ဧတံ နိဒာနံ ဧသ သမုဒယော ဧသ ပစ္စယော ဝိညာဏဿ ယဒိဒံ နာမရူပံ။ ဧတ္တာဝတာ ခေါ၊ အာနန္ဒ၊ ဇာယေထ ဝါ ဇီယေထ ဝါ မီယေထ ဝါ စဝေထ ဝါ ဥပပဇ္ဇေထ ဝါ။ ဧတ္တာဝတာ အဓိဝစနပထော၊ ဧတ္တာဝတာ နိရုတ္တိပထော၊ ဧတ္တာဝတာ ပညတ္တိပထော၊ ဧတ္တာဝတာ ပညာဝစရံ၊ ဧတ္တာဝတာ ဝဋ္ဋံ ဝတ္တတိ ဣတ္ထတ္တံ ပညာပနာယ ယဒိဒံ နာမရူပံ သဟ ဝိညာဏေန အညမညပစ္စယတာ ပဝတ္တတိ။

မြန်မာပြန်

အာနန္ဒာ နာမ်ရုပ်ဟူသော အကြောင်းကြောင့် သိခြင်း ‘ဝိညာဉ်’ သည် ဖြစ်၏ ဟူသော ဤစကားကို (ငါ) ဆိုခဲ့၏၊ ထိုစကား၌ နာမ်ရုပ်ဟူသော အကြောင်းကြောင့် သိခြင်း ‘ဝိညာဉ်’ ဖြစ်ပုံကို ဤ (ဆိုလတ္တံ့သော) အကြောင်းဖြင့်လည်း သိနိုင်ပေ၏။

အာနန္ဒာ သိခြင်း ‘ဝိညာဉ်’ သည် နာမ်ရုပ်၌ မှီရာကို မရငြားအံ့၊ နောင်အခါ၌ ပဋိသန္ဓေနေခြင်း အိုခြင်း သေခြင်းတို့နှင့်တကွ ဆင်းရဲအပေါင်းသည် ထင်ရှားနိုင်ပါဦးမည်လောဟု (မိန့်တော်မူ၏)။

မထင်ရှားနိုင်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် ထိုနာမ်ရုပ်သည်သာလျှင် သိခြင်း ‘ဝိညာဉ်’ ၏ အကြောင်းရင်း ‘ဟိတ်’ ပေတည်း၊ အခြေခံ ‘နိဒါန်း’ ပေတည်း၊ ဖြစ်ကြောင်း ‘သမုဒယ’ ပေတည်း၊ အထောက်အပံ့ ‘ပစ္စည်း’ ပေတည်း။

အာနန္ဒာ ဤအချင်းချင်း ကျေးဇူးပြုသော ဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် (သတ္တဝါသည်) ဖြစ်မူလည်း ဖြစ်ပေါ်ရာ၏၊ အိုမူလည်း အိုရာ၏၊ သေမူလည်း သေရာ၏၊ အဖန်ဖန် စုတေမူလည်း စုတေရာ၏၊ အဖန်ဖန် ဖြစ်မူလည်း ဖြစ်ရာ၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် အမည်ဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် သဒ္ဒါဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ပညတ်ဖြစ်ခြင်း၏ အကြောင်းသည် ဖြစ်၏၊ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ပညတ်၏ ကျက်စားရာသည် ဖြစ်၏၊ အချင်းချင်း ကျေးဇူးပြုသော ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် ဝဋ်သုံးပါးသည် လည်၏၊ ဤခန္ဓာငါးပါးသည်လည်း ခေါ်ဝေါ်ပညတ်ခြင်းငှါ ထင်ရှား ဖြစ်၏။

အတ္တပညတ္တိ

အတ္တပညတ်

အပိုဒ် ၁၁၇

‘‘ကိတ္တာဝတာ စ၊ အာနန္ဒ၊ အတ္တာနံ ပညပေန္တော ပညပေတိ? ရူပိံ ဝါ ဟိ၊ အာနန္ဒ၊ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ – ‘‘ရူပီ မေ ပရိတ္တော အတ္တာ’’တိ။ ရူပိံ ဝါ ဟိ ၊ အာနန္ဒ၊ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ – ‘ရူပီ မေ အနန္တော အတ္တာ’တိ။ အရူပိံ ဝါ ဟိ၊ အာနန္ဒ၊ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ – ‘အရူပီ မေ ပရိတ္တော အတ္တာ’တိ။ အရူပိံ ဝါ ဟိ၊ အာနန္ဒ၊ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ – ‘အရူပီ မေ အနန္တော အတ္တာ’တိ။

မြန်မာပြန်

အာနန္ဒာ အတ္တကို ပညတ်သူသည် အဘယ်မျှဖြင့် ပညတ်သနည်း-

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်ရှိ၏ အပိုင်းအခြားရှိ၏”ဟု ပညတ်၏။

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်ရှိ၏၊ အပိုင်းအခြားမရှိ”ဟု ပညတ်၏။

အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်မရှိ အပိုင်းအခြားရှိ၏”ဟု ပညတ်၏။

အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားမရှိ”ဟု ပညတ်၏။

အပိုဒ် ၁၁၈

‘‘တတြာနန္ဒ၊ ယော သော ရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ။ ဧတရဟိ ဝါ သော ရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော ရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ ရူပိံ ပရိတ္တတ္တာနုဒိဋ္ဌိ အနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ၊ ယော သော ရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ။ ဧတရဟိ ဝါ သော ရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော ရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ ရူပိံ အနန္တတ္တာနုဒိဋ္ဌိ အနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ၊ ယော သော အရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ။ ဧတရဟိ ဝါ သော အရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော အရူပိံ ပရိတ္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ အရူပိံ ပရိတ္တတ္တာနုဒိဋ္ဌိ အနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ၊ ယော သော အရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ။ ဧတရဟိ ဝါ သော အရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော အရူပိံ အနန္တံ အတ္တာနံ ပညပေန္တော ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ အရူပိံ အနန္တတ္တာနုဒိဋ္ဌိ အနုသေတီတိ ဣစ္စာလံ ဝစနာယ။ ဧတ္တာဝတာ ခေါ၊ အာနန္ဒ၊ အတ္တာနံ ပညပေန္တော ပညပေတိ။

မြန်မာပြန်

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုပညတ်၏၊ ထိုသူသည် ယခု ပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) အပိုင်းအခြားရှိ ရုပ်ရှိသော အတ္တကိုသော်လည်းပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့” ဟူ၍လည်း ထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ ‘ရူပီပရိတ္တတ္တာနုဒိဋ္ဌိ’ ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း ပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း ပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့” ဟူ၍လည်းထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ ‘ရူပီအနန္တတ္တာနုဒိဋ္ဌိ’ ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း ပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း ပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင် ပြုအံ့” ဟူ၍လည်းထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ ‘အရူပီပရိတ္တတ္တာနုဒိဋ္ဌိ’ ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်၏၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြား မရှိသော အတ္တကိုသော်လည်း ပညတ်၏၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း ပညတ်၏၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန်ဖြစ်အောင်ပြုအံ့” ဟူ၍လည်း ထိုသူ့အား စိတ်ဖြစ်၏။

အာနန္ဒာ ဤသို့ ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြား မရှိသော အတ္တစွဲအယူ ‘အရူပီအနန္တတ္တာနုဒိဋ္ဌိ’ ကိန်းနေသည်ဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ အတ္တကို ပညတ်သော သူသည် ဤမျှဖြင့် ပညတ်၏။

နအတ္တပညတ္တိ

နအတ္တပညတ်

အပိုဒ် ၁၁၉

‘‘ကိတ္တာဝတာ စ၊ အာနန္ဒ၊ အတ္တာနံ န ပညပေန္တော န ပညပေတိ? ရူပိံ ဝါ ဟိ၊ အာနန္ဒ၊ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ – ‘ရူပီ မေ ပရိတ္တော အတ္တာ’တိ။ ရူပိံ ဝါ ဟိ၊ အာနန္ဒ၊ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ – ‘ရူပီ မေ အနန္တော အတ္တာ’တိ။ အရူပိံ ဝါ ဟိ၊ အာနန္ဒ၊ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ – ‘အရူပီ မေ ပရိတ္တော အတ္တာ’တိ။ အရူပိံ ဝါ ဟိ၊ အာနန္ဒ၊ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ – ‘အရူပီ မေ အနန္တော အတ္တာ’တိ။

မြန်မာပြန်

အာနန္ဒာ အတ္တကို မပညတ်သူသည် အဘယ်မျှဖြင့် မပညတ်သနည်း-

အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်ရှိ၏ အပိုင်းအခြားရှိ၏”ဟု မပညတ်။ အာနန္ဒာ ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်ရှိ၏အပိုင်းအခြားမရှိ”ဟု မပညတ်။ အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားရှိ၏”ဟု မပညတ်။ အာနန္ဒာ ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်သူသည် “ငါ၏ အတ္တသည် ရုပ်မရှိအပိုင်းအခြားမရှိ”ဟု မပညတ်။

အပိုဒ် ၁၂၀

‘‘တတြာနန္ဒ၊ ယော သော ရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ။ ဧတရဟိ ဝါ သော ရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော ရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ န ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ ရူပိံ ပရိတ္တတ္တာနုဒိဋ္ဌိ နာနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ ၊ ယော သော ရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ။ ဧတရဟိ ဝါ သော ရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော ရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ န ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ ရူပိံ အနန္တတ္တာနုဒိဋ္ဌိ နာနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ၊ ယော သော အရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ။ ဧတရဟိ ဝါ သော အရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော အရူပိံ ပရိတ္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ န ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ အရူပိံ ပရိတ္တတ္တာနုဒိဋ္ဌိ နာနုသေတီတိ ဣစ္စာလံ ဝစနာယ။

‘‘တတြာနန္ဒ၊ ယော သော အရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ။ ဧတရဟိ ဝါ သော အရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ တတ္ထ ဘာဝိံ ဝါ သော အရူပိံ အနန္တံ အတ္တာနံ န ပညပေန္တော န ပညပေတိ၊ ‘အတထံ ဝါ ပန သန္တံ တထတ္တာယ ဥပကပ္ပေဿာမီ’တိ ဣတိ ဝါ ပနဿ န ဟောတိ။ ဧဝံ သန္တံ ခေါ၊ အာနန္ဒ၊ အရူပိံ အနန္တတ္တာနုဒိဋ္ဌိ နာနုသေတီတိ ဣစ္စာလံ ဝစနာယ။ ဧတ္တာဝတာ ခေါ၊ အာနန္ဒ၊ အတ္တာနံ န ပညပေန္တော န ပညပေတိ။

မြန်မာပြန်

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုမပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းမပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်းမပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့” ဟူ၍လည်းထိုသူ့အား စိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ ‘ရူပီပရိတ္တတ္တာနုဒိဋ္ဌိ’ သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့” ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ ‘ရူပီအနန္တတ္တာနုဒိဋ္ဌိ’ သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကိုသော်လည်း မပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့” ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တစွဲအယူ ‘အရူပီပရိတ္တတ္တာနုဒိဋ္ဌိ’ သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ ထို (လေးယောက်တို့) တွင် အကြင်သူသည် ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို မပညတ်၊ ထိုသူသည် ယခုပစ္စုပ္ပန်ဘဝ၌ (သာဖြစ်သော) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ ထိုသူသည် တမလွန်ဘဝ၌လည်းဖြစ်သော ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကိုသော်လည်း မပညတ်၊ (သူတစ်ပါးတို့ အမြင်အားဖြင့်) “မဟုတ်မမှန်ဖြစ်နေသည်ကို အဟုတ်အမှန် ပြုအံ့” ဟူ၍လည်း ထိုသူ့အားစိတ်မဖြစ်။

အာနန္ဒာ ဤသို့ဖြစ်သော် (ထိုသူ့သန္တာန်၌) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တစွဲအယူ ‘အရူပီအနန္တတ္တာနုဒိဋ္ဌိ’ သည် မကိန်းဟု ဆိုခြင်းငှါ သင့်၏။

အာနန္ဒာ အတ္တကို မပညတ်သောသူသည် ဤမျှဖြင့် မပညတ်။

အတ္တသမနုပဿနာ

အတ္တကို ရှုခြင်း

အပိုဒ် ၁၂၁

‘‘ကိတ္တာဝတာ စ၊ အာနန္ဒ၊ အတ္တာနံ သမနုပဿမာနော သမနုပဿတိ? ဝေဒနံ ဝါ ဟိ၊ အာနန္ဒ၊ အတ္တာနံ သမနုပဿမာနော သမနုပဿတိ – ‘ဝေဒနာ မေ အတ္တာ’တိ။ ‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ အပ္ပဋိသံဝေဒနော မေ အတ္တာ’တိ ဣတိ ဝါ ဟိ၊ အာနန္ဒ၊ အတ္တာနံ သမနုပဿမာနော သမနုပဿတိ။ ‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ နောပိ အပ္ပဋိသံဝေဒနော မေ အတ္တာ၊ အတ္တာ မေ ဝေဒိယတိ၊ ဝေဒနာဓမ္မော ဟိ မေ အတ္တာ’တိ ဣတိ ဝါ ဟိ၊ အာနန္ဒ၊ အတ္တာနံ သမနုပဿမာနော သမနုပဿတိ။

မြန်မာပြန်

အာနန္ဒာ အတ္တကို ရှုသူသည် အဘယ်မျှသော အခြင်းအရာဖြင့် ရှုသနည်း-

အာနန္ဒာ ခံစားခြင်း ‘ဝေဒနာ’ ကိုမူလည်း အတ္တဟု ရှုသူသည် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တ”ဟုရှု၏၁။

အာနန္ဒာ (ထို့ပြင် အချို့သူသည်) “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည်မခံစားတတ်”ဟု ရှု၏၊ အာနန္ဒာ အတ္တကို ရှုသူသည် ဤသို့သော အခြင်းအရာဖြင့်လည်း ရှု၏။

အာနန္ဒာ (ထို့ပြင် အချို့သူသည်) “ငါ၏ အတ္တသည် ခံစားခြင်း ‘ဝေဒနာ’ မဟုတ်၊ ငါ၏ အတ္တသည်မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်း သဘောရှိ၏”ဟု ရှု၏၊ အာနန္ဒာ အတ္တကို ရှုသူသည် ဤသို့သော အခြင်းအရာဖြင့်လည်း ရှု၏။

အပိုဒ် ၁၂၂

‘‘တတြာနန္ဒ၊ ယော သော ဧဝမာဟ – ‘ဝေဒနာ မေ အတ္တာ’တိ၊ သော ဧဝမဿ ဝစနီယော – ‘တိဿော ခေါ ဣမာ၊ အာဝုသော၊ ဝေဒနာ – သုခါ ဝေဒနာ ဒုက္ခါ ဝေဒနာ အဒုက္ခမသုခါ ဝေဒနာ။ ဣမာသံ ခေါ တွံ တိဿန္နံ ဝေဒနာနံ ကတမံ အတ္တတော သမနုပဿသီ’တိ? ယသ္မိံ၊ အာနန္ဒ၊ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ န အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ; သုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။ ယသ္မိံ၊ အာနန္ဒ၊ သမယေ ဒုက္ခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ န အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ; ဒုက္ခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။ ယသ္မိံ၊ အာနန္ဒ၊ သမယေ အဒုက္ခမသုခံ ဝေဒနံ ဝေဒေတိ၊ နေဝ တသ္မိံ သမယေ သုခံ ဝေဒနံ ဝေဒေတိ၊ န ဒုက္ခံ ဝေဒနံ ဝေဒေတိ; အဒုက္ခမသုခံယေဝ တသ္မိံ သမယေ ဝေဒနံ ဝေဒေတိ။

မြန်မာပြန်

အာနန္ဒာ ထို (သုံးယောက်တို့) တွင် “ခံစားခြင်း ‘ဝေဒနာ’ သည်ပင် ငါ၏ အတ္တ”ဟု ဆိုသောသူကို ဤသို့ဆိုရာ၏-

“ငါ့သျှင် ခံစားခြင်း ‘ဝေဒနာ’ တို့သည် ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ၊ ဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ ၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ဟူ၍ သုံးပါး အပြားရှိကုန်၏၊ သုံးပါးသော ခံစားခြင်း ‘ဝေဒနာ’ တို့တွင် သင်သည် အဘယ် (ခံစားခြင်း) ကို အတ္တဟု ရှုသနည်း” (ဟုဆိုရာ၏)။

အာနန္ဒာ အကြင်အခါ၌ ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ကို ခံစား၏၊ ထိုအခါ၌ ဆင်းရဲသောခံစားခြင်း ‘ဒုက္ခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ကိုသာ ခံစား၏။

အာနန္ဒာ အကြင်အခါ၌ ဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ ကို ခံစား၏၊ ထိုအခါ၌ ချမ်းသာသောခံစားခြင်း ‘သုခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ မဆင်းရဲမချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ ဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ ကိုသာ ခံစား၏။

အာနန္ဒာ အကြင်အခါ၌ မဆင်းရဲ မချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ကို ခံစား၏၊ ထိုအခါ၌ ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ ဆင်းရဲသောခံစားခြင်း ‘ဒုက္ခဝေဒနာ’ ကိုလည်း မခံစားနိုင်၊ ထိုအခါ၌ မဆင်းရဲ မချမ်းသာသောခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ကိုသာ ခံစား၏။

အပိုဒ် ၁၂၃

‘‘သုခါပိ ခေါ၊ အာနန္ဒ၊ ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ ဒုက္ခါပိ ခေါ၊ အာနန္ဒ၊ ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ အဒုက္ခမသုခါပိ ခေါ၊ အာနန္ဒ၊ ဝေဒနာ အနိစ္စာ သင်္ခတာ ပဋိစ္စသမုပ္ပန္နာ ခယဓမ္မာ ဝယဓမ္မာ ဝိရာဂဓမ္မာ နိရောဓဓမ္မာ။ တဿ သုခံ ဝေဒနံ ဝေဒိယမာနဿ ‘ဧသော မေ အတ္တာ’တိ ဟောတိ။ တဿာယေဝ သုခါယ ဝေဒနာယ နိရောဓာ ‘ဗျဂါ မေ အတ္တာ’တိ ဟောတိ။ ဒုက္ခံ ဝေဒနံ ဝေဒိယမာနဿ ‘ဧသော မေ အတ္တာ’တိ ဟောတိ။ တဿာယေဝ ဒုက္ခါယ ဝေဒနာယ နိရောဓာ ‘ဗျဂါ မေ အတ္တာ’တိ ဟောတိ။ အဒုက္ခမသုခံ ဝေဒနံ ဝေဒိယမာနဿ ‘ဧသော မေ အတ္တာ’တိ ဟောတိ။ တဿာယေဝ အဒုက္ခမသုခါယ ဝေဒနာယ နိရောဓာ ‘ဗျဂါ မေ အတ္တာ’တိ ဟောတိ။ ဣတိ သော ဒိဋ္ဌေဝ ဓမ္မေ အနိစ္စသုခဒုက္ခဝေါကိဏ္ဏံ ဥပ္ပါဒဝယဓမ္မံ အတ္တာနံ သမနုပဿမာနော သမနုပဿတိ၊ ယော သော ဧဝမာဟ – ‘ဝေဒနာ မေ အတ္တာ’တိ။ တသ္မာတိဟာနန္ဒ၊ ဧတေန ပေတံ နက္ခမတိ – ‘ဝေဒနာ မေ အတ္တာ’တိ သမနုပဿိတုံ။

မြန်မာပြန်

အာနန္ဒာ ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ သည်လည်း မမြဲ၊ ပြုပြင်ရသော တရား ဖြစ်၏၊ အကြောင်းကိုစွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘော ရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။

အာနန္ဒာ ဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ သည်လည်း မမြဲ၊ ပြုပြင်ရသော တရားဖြစ်၏၊ အကြောင်းကိုစွဲ၍ ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘော ရှိ၏။

အာနန္ဒာ မဆင်းရဲ မချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ သည်လည်း မမြဲ၊ ပြုပြင်ရသော တရားဖြစ်၏၊ အကြောင်းကိုစွဲ၍ဖြစ်၏၊ ကုန်ခြင်းသဘောရှိ၏၊ ပျက်ခြင်းသဘောရှိ၏၊ ပျောက်ပြယ်ခြင်းသဘောရှိ၏၊ ချုပ်ခြင်းသဘောရှိ၏။

(ခံစားခြင်းဝေဒနာသည်ပင် ငါ၏ အတ္တဟု ဆိုသော) ထိုသူအား ချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ကို ခံစားစဉ်၌ “ဤချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ သည် ငါ၏ အတ္တတည်း”ဟု အယူသည်ဖြစ်၏။ ထိုချမ်းသာသော ခံစားခြင်း ‘သုခဝေဒနာ’ ချုပ်သွားသောအခါ၌ “ငါ၏ အတ္တသည် ပျက်စီးလေပြီ”ဟု ဆိုဖွယ်သည်ဖြစ်၏။ ဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ ကို ခံစားစဉ်၌လည်း “ဤဆင်းရဲသောခံစားခြင်း ‘ဒုက္ခဝေဒနာ’ သည် ငါ၏ အတ္တတည်း”ဟု အယူသည် ဖြစ်ပြန်၏။ ထိုဆင်းရဲသော ခံစားခြင်း ‘ဒုက္ခဝေဒနာ’ ချုပ်သွားသောအခါ၌လည်း “ငါ၏ အတ္တသည် ပျက်စီးလေပြီ”ဟု ဆိုဖွယ်သည် ဖြစ်ပြန်၏။ မဆင်းရဲမချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ကို ခံစားစဉ်၌လည်း “ဤမချမ်းသာ မဆင်းရဲသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ သည် ငါ၏ အတ္တတည်း”ဟု အယူသည် ဖြစ်ပြန်၏။ ထိုမဆင်းရဲမချမ်းသာသော ခံစားခြင်း ‘အဒုက္ခမသုခဝေဒနာ’ ချုပ်သွားသော အခါ၌လည်း “ငါ၏ အတ္တသည် ပျက်စီးလေပြီ”ဟု ဆိုဖွယ်သည် ဖြစ်ပြန်၏။

ဤသို့ ဆိုခဲ့သည့်အတိုင်း ခံစားခြင်း ‘ဝေဒနာ’ သည်ပင် ငါ၏ အတ္တဟု ဆိုသော ထိုသူသည် မျက်မှောက်ဘဝ၌ပင်လျှင် အတ္တသည် မမြဲ ချမ်းသာ ဆင်းရဲတို့နှင့် ရောယှက်၏၊ ဖြစ်ခြင်း ပျက်ခြင်း သဘောရှိ၏ဟုစင်စစ် ရှုရာရောက်၏။

အာနန္ဒာ ထို့ကြောင့် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တတည်း”ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သော သာဓက) ဖြင့်လည်း မသင့်ချေ။

အပိုဒ် ၁၂၄

‘‘တတြာနန္ဒ ၊ ယော သော ဧဝမာဟ – ‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ အပ္ပဋိသံဝေဒနော မေ အတ္တာ’တိ၊ သော ဧဝမဿ ဝစနီယော – ‘ယတ္ထ ပနာဝုသော၊ သဗ္ဗသော ဝေဒယိတံ နတ္ထိ အပိ နု ခေါ၊ တတ္ထ ‘‘အယမဟမသ္မီ’’တိ သိယာ’’’တိ ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧတေန ပေတံ နက္ခမတိ – ‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ အပ္ပဋိသံဝေဒနော မေ အတ္တာ’တိ သမနုပဿိတုံ။

မြန်မာပြန်

အာနန္ဒာ ထို (သုံးယောက်တို့) တွင် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တ မဟုတ်၊ ငါ၏အတ္တသည် မခံစားတတ်”ဟု ဆိုသောသူကို ဤသို့ ဆိုရာ၏။

“ငါ့သျှင် ခံစားခြင်း ‘ဝေဒနာ’ လုံးဝမရှိသော ရုပ်တရားသက်သက်၌ ‘ဤကား ငါပင်တည်း’ ဟူ၍ရှုခြင်းသည် ဖြစ်နိုင်ပါမည်လော”ဟု (ဆိုရာ၏)။

“မဖြစ်နိုင်ပါဟု ဆိုရာပါသည် အသျှင်ဘုရား”ဟု (လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည် မခံစားတတ်”ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သောသာဓက) ဖြင့်လည်း မသင့်ချေ။

အပိုဒ် ၁၂၅

‘‘တတြာနန္ဒ ၊ ယော သော ဧဝမာဟ – ‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ နောပိ အပ္ပဋိသံဝေဒနော မေ အတ္တာ၊ အတ္တာ မေ ဝေဒိယတိ၊ ဝေဒနာဓမ္မော ဟိ မေ အတ္တာ’တိ။ သော ဧဝမဿ ဝစနီယော – ဝေဒနာ စ ဟိ၊ အာဝုသော၊ သဗ္ဗေန သဗ္ဗံ သဗ္ဗထာ သဗ္ဗံ အပရိသေသာ နိရုဇ္ဈေယျုံ။ သဗ္ဗသော ဝေဒနာယ အသတိ ဝေဒနာနိရောဓာ အပိ နု ခေါ တတ္ထ ‘အယမဟမသ္မီ’တိ သိယာ’’တိ? ‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တသ္မာတိဟာနန္ဒ၊ ဧတေန ပေတံ နက္ခမတိ – ‘‘န ဟေဝ ခေါ မေ ဝေဒနာ အတ္တာ၊ နောပိ အပ္ပဋိသံဝေဒနော မေ အတ္တာ၊ အတ္တာ မေ ဝေဒိယတိ၊ ဝေဒနာဓမ္မော ဟိ မေ အတ္တာ’တိ သမနုပဿိတုံ။

မြန်မာပြန်

အာနန္ဒာ ထို (သုံးယောက်တို့) တွင် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တ မဟုတ်၊ ငါ၏အတ္တသည် မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည်ခံစားခြင်း သဘောရှိ၏”ဟု ဆိုသော သူကို ဤသို့ ဆိုရာ၏။

“ငါ့သျှင် ခံစားခြင်း ‘ဝေဒနာ’ တို့သည် ခပ်သိမ်းသော အခြင်းအရာ ခပ်သိမ်းသော သဘောအားဖြင့်အကြွင်းမဲ့ ချုပ်ကုန်ငြားအံ့၊ (ထိုသို့ချုပ်၍) ခံစားခြင်း ‘ဝေဒနာ’ လုံးဝမရှိခဲ့သော် ခံစားခြင်း ‘ဝေဒနာ’ ချုပ်ခြင်းကြောင့် ထို (ခံစားခြင်းကင်းသော နာမ်တရားသက်သက်) ၌ ‘ဤကား ငါပင်တည်း’ ဟူ၍ရှုခြင်းသည် ဖြစ်နိုင်ပါမည်လော”ဟု (ဆိုရာ၏)။

“မဖြစ်နိုင်ပါဟု ဆိုရာပါသည် အသျှင်ဘုရား”ဟု (လျှောက်၏)။

အာနန္ဒာ ထို့ကြောင့် “ခံစားခြင်း ‘ဝေဒနာ’ သည် ငါ၏ အတ္တမဟုတ်၊ ငါ၏ အတ္တသည် မခံစားတတ်သည်လည်း မဟုတ်၊ ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်း သဘောရှိ၏”ဟု ဤသို့ ရှုခြင်းသည် ဤ (ဆိုခဲ့သောသာဓက) ဖြင့်လည်း မသင့်ချေ။

အပိုဒ် ၁၂၆

‘‘ယတော ခေါ၊ အာနန္ဒ၊ ဘိက္ခု နေဝ ဝေဒနံ အတ္တာနံ သမနုပဿတိ၊ နောပိ အပ္ပဋိသံဝေဒနံ အတ္တာနံ သမနုပဿတိ၊ နောပိ ‘အတ္တာ မေ ဝေဒိယတိ၊ ဝေဒနာဓမ္မော ဟိ မေ အတ္တာ’တိ သမနုပဿတိ။ သော ဧဝံ န သမနုပဿန္တော န စ ကိဉ္စိ လောကေ ဥပါဒိယတိ၊ အနုပါဒိယံ န ပရိတဿတိ၊ အပရိတဿံ ပစ္စတ္တညေဝ ပရိနိဗ္ဗာယတိ၊ ‘ခီဏာ ဇာတိ၊ ဝုသိတံ ဗြဟ္မစရိယံ၊ ကတံ ကရဏီယံ၊ နာပရံ ဣတ္ထတ္တာယာ’တိ ပဇာနာတိ။ ဧဝံ ဝိမုတ္တစိတ္တံ ခေါ၊ အာနန္ဒ၊ ဘိက္ခုံ ယော ဧဝံ ဝဒေယျ – ‘ဟောတိ တထာဂတော ပရံ မရဏာ ဣတိဿ ဒိဋ္ဌီ’တိ၊ တဒကလ္လံ။ ‘န ဟောတိ တထာဂတော ပရံ မရဏာ ဣတိဿ ဒိဋ္ဌီ’တိ၊ တဒကလ္လံ။ ‘ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ ဣတိဿ ဒိဋ္ဌီ’တိ၊ တဒကလ္လံ။ ‘နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ ဣတိဿ ဒိဋ္ဌီ’တိ၊ တဒကလ္လံ။ တံ ကိဿ ဟေတု? ယာဝတာ၊ အာနန္ဒ၊ အဓိဝစနံ ယာဝတာ အဓိဝစနပထော၊ ယာဝတာ နိရုတ္တိ ယာဝတာ နိရုတ္တိပထော၊ ယာဝတာ ပညတ္တိ ယာဝတာ ပညတ္တိပထော၊ ယာဝတာ ပညာ ယာဝတာ ပညာဝစရံ၊ ယာဝတာ ဝဋ္ဋံ၊ ယာဝတာ ဝဋ္ဋတိ၊ တဒဘိညာဝိမုတ္တော ဘိက္ခု၊ တဒဘိညာဝိမုတ္တံ ဘိက္ခုံ ‘န ဇာနာတိ န ပဿတိ ဣတိဿ ဒိဋ္ဌီ’တိ၊ တဒကလ္လံ။

မြန်မာပြန်

အာနန္ဒာ ရဟန်းသည် အကြင့်ကြောင့် ခံစားခြင်း ‘ဝေဒနာ’ သည်ပင် အတ္တဟူ၍လည်း မရှု၊ အတ္တသည် မခံစားတတ် ဟူ၍လည်း မရှု၊ “ငါ၏ အတ္တသည် ခံစားတတ်၏၊ ငါ၏ အတ္တသည် ခံစားခြင်းသဘော ရှိ၏” ဟူ၍လည်း မရှု၊ ဤသို့ မရှုသော ထိုရဟန်းသည် လောက၌ တစ်စုံတစ်ခုကိုမျှလည်း မစွဲလမ်း၊ မစွဲလမ်းသောကြောင့် မတောင့်တ၊ မတောင့်တသောကြောင့် ကိုယ်တိုင်ပင်လျှင် ကိလေသာတို့မှအပြီးတိုင် ငြိမ်းလတ္တံ့၊ “ပဋိသန္ဓေနေမှုကုန်ပြီ၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊ (မဂ်) ကိစ္စကိုပြုပြီးပြီ၊ ဤ (မဂ်) ကိစ္စအလို့ငှါ တစ်ပါးသော ပြုဖွယ်ကိစ္စမရှိတော့ပြီ”ဟု သိ၏။

အာနန္ဒာ ဤသို့ လွတ်မြောက်သော စိတ်ရှိသော ရဟန်းကို အကြင်သူသည် ဤသို့ ဆိုငြားအံ့။

“သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်၏ ဟူသော အယူရှိသည်” ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှနောက်၌ မဖြစ်ဟူသော အယူရှိသည်” ဟူ၍လည်းကောင်း၊ “သတ္တဝါသည်သေပြီးသည်မှနောက်၌ ဖြစ်လည်း ဖြစ်၏၊ ဖြစ်လည်း မဖြစ်ဟူသော အယူရှိသည်” ဟူ၍လည်းကောင်း၊ “သတ္တဝါသည် သေပြီးသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်း မဟုတ်ဟူသော အယူရှိသည်” ဟူ၍လည်းကောင်း ဆိုငြားအံ့၊ ထိုသို့ဆိုခြင်းသည် မသင့်ပေ။

အဘယ့်ကြောင့်ဆိုသော် အာနန္ဒာ အကြင်မျှလောက်သော အမည်နှင့် အမည်၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော သဒ္ဒါနှင့် သဒ္ဒါ၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော ပညတ်နှင့်ပညတ်၏ အကြောင်းသည် ရှိ၏၊ အကြင်မျှလောက်သော ပညာနှင့် ပညာ၏ ကျက်စားရာသည် ရှိ၏၊ အကြင်မျှလောက်သော (သံသရာ) ဝဋ်သည် ရှိ၏၊ အကြင်မျှလောက် (သံသရာ) လည်၏၊ ထိုအလုံးစုံကိုသိ၍ ရဟန်းသည် (ကိလေသာမှ) လွတ်မြောက်ပေ၏။

ထိုအလုံးစုံကို သိ၍ (ကိလေသာမှ) လွတ်မြောက်ပြီးသော ရဟန်းကို “မသိမြင်” ဟူ၍လည်း ကောင်း၊ “ဤသို့သော အယူရှိသည်” ဟူ၍လည်းကောင်း ဆိုခြင်းငှါ မသင့်ပေ။

သတ္တ ဝိညာဏဋ္ဌိတိ

ဝိညာဏဋ္ဌိတိ ခုနစ်ပါး

အပိုဒ် ၁၂၇

‘‘သတ္တ ခေါ၊ အာနန္ဒ၊ ဝိညာဏဋ္ဌိတိယော၊ ဒွေ အာယတနာနိ။ ကတမာ သတ္တ? သန္တာနန္ဒ၊ သတ္တာ နာနတ္တကာယာ နာနတ္တသညိနော၊ သေယျထာပိ မနုဿာ ၊ ဧကစ္စေ စ ဒေဝါ၊ ဧကစ္စေ စ ဝိနိပါတိကာ။ အယံ ပဌမာ ဝိညာဏဋ္ဌိတိ။ သန္တာနန္ဒ၊ သတ္တာ နာနတ္တကာယာ ဧကတ္တသညိနော၊ သေယျထာပိ ဒေဝါ ဗြဟ္မကာယိကာ ပဌမာဘိနိဗ္ဗတ္တာ။ အယံ ဒုတိယာ ဝိညာဏဋ္ဌိတိ။ သန္တာနန္ဒ၊ သတ္တာ ဧကတ္တကာယာ နာနတ္တသညိနော၊ သေယျထာပိ ဒေဝါ အာဘဿရာ။ အယံ တတိယာ ဝိညာဏဋ္ဌိတိ။ သန္တာနန္ဒ၊ သတ္တာ ဧကတ္တကာယာ ဧကတ္တသညိနော၊ သေယျထာပိ ဒေဝါ သုဘကိဏှာ။ အယံ စတုတ္ထီ ဝိညာဏဋ္ဌိတိ။ သန္တာနန္ဒ၊ သတ္တာ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနူပဂါ။ အယံ ပဉ္စမီ ဝိညာဏဋ္ဌိတိ ။ သန္တာနန္ဒ၊ သတ္တာ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနူပဂါ။ အယံ ဆဋ္ဌီ ဝိညာဏဋ္ဌိတိ။ သန္တာနန္ဒ၊ သတ္တာ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနူပဂါ။ အယံ သတ္တမီ ဝိညာဏဋ္ဌိတိ။ အသညသတ္တာယတနံ နေဝသညာနာသညာယတနမေဝ ဒုတိယံ။

မြန်မာပြန်

အာနန္ဒာ ဝိညာဉ်၏ တည်ရာတို့သည် ခုနစ်ပါးရှိကုန်၏။ နေရာ ‘အာယတန’ တို့သည်လည်းနှစ်ပါးရှိကုန်၏။

(ဝိညာဉ်၏တည်ရာ) ခုနစ်ပါးတို့ကား အဘယ်နည်းဟူမူ-

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားကုန်သော သတ္တဝါတို့သည်ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ အချို့သောနတ်၁, အချို့သော ဝိနိပါတိက၂နှင့် လူတို့ပင်တည်း၊ ဤကား ရှေးဦးစွာသော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ-ပဌမဈာန်ဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကား နှစ်ခုမြောက်သောဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်း ကွဲပြားကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ- အာဘဿရာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကားသုံးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ကိုယ်သဏ္ဌာန်ချင်းတူ၍ ပဋိသန္ဓေသညာချင်းတူကုန်သော သတ္တဝါတို့သည် ရှိကုန်၏၊ အဘယ်သတ္တဝါတို့နည်းဟူမူ သုဘကိဏှာဘုံ၌ ဖြစ်သော ဗြဟ္မာတို့ပင်တည်း၊ ဤကားလေးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်း ပဋိဃသညာတို့၏ လုံးဝချုပ်ခြင်း နာနတ္တသညာ တို့ကိုလုံးဝနှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ငါးခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ခြောက်ခုမြောက်သော ဝိညာဉ်၏ တည်ရာပေတည်း။

အာနန္ဒာ ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံ တစ်ခုမျှ မရှိ”ဟု (နှလုံးသွင်း လျက်) အာကိဉ္စညာယတနဘုံသို့ ရောက်သော ဗြဟ္မာတို့သည် ရှိကုန်၏၊ ဤကား ခုနစ်ခုမြောက်သော ဝိညာဉ်၏တည်ရာပေတည်း။

(ဤသည်တို့ကား ဝိညာဉ်၏တည်ရာ ခုနစ်ပါးတို့ပေတည်း။)

(နေရာ ‘အာယတန’ နှစ်ပါးတို့ကား အဘယ်နည်း) သညာမရှိသော သတ္တဝါတို့၏ နေရာ ‘အာယတန’ နှင့် (ကြမ်းတမ်းထင်ရှားသော) သညာမရှိမူ၍ (သိမ်မွေ့သော) သညာလည်းမကင်းသော သတ္တဝါတို့၏နေရာနှစ်ခုမြောက် ‘အာယတန’ တို့ပေတည်း။

အပိုဒ် ၁၂၈

‘‘တတြာနန္ဒ၊ ယာယံ ပဌမာ ဝိညာဏဋ္ဌိတိ နာနတ္တကာယာ နာနတ္တသညိနော၊ သေယျထာပိ မနုဿာ၊ ဧကစ္စေ စ ဒေဝါ၊ ဧကစ္စေ စ ဝိနိပါတိကာ။ ယော နု ခေါ၊ အာနန္ဒ၊ တဉ္စ ပဇာနာတိ၊ တဿာ စ သမုဒယံ ပဇာနာတိ၊ တဿာ စ အတ္ထင်္ဂမံ ပဇာနာတိ၊ တဿာ စ အဿာဒံ ပဇာနာတိ၊ တဿာ စ အာဒီနဝံ ပဇာနာတိ၊ တဿာ စ နိဿရဏံ ပဇာနာတိ၊ ကလ္လံ နု တေန တဒဘိနန္ဒိတု’’န္တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ပေ.။ ‘‘တတြာနန္ဒ၊ ယမိဒံ အသညသတ္တာယတနံ။ ယော နု ခေါ၊ အာနန္ဒ၊ တဉ္စ ပဇာနာတိ၊ တဿ စ သမုဒယံ ပဇာနာတိ၊ တဿ စ အတ္ထင်္ဂမံ ပဇာနာတိ၊ တဿ စ အဿာဒံ ပဇာနာတိ၊ တဿ စ အာဒီနဝံ ပဇာနာတိ၊ တဿ စ နိဿရဏံ ပဇာနာတိ၊ ကလ္လံ နု တေန တဒဘိနန္ဒိတု’’န္တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ‘‘တတြာနန္ဒ၊ ယမိဒံ နေဝသညာနာသညာယတနံ။ ယော နု ခေါ၊ အာနန္ဒ၊ တဉ္စ ပဇာနာတိ၊ တဿ စ သမုဒယံ ပဇာနာတိ၊ တဿ စ အတ္ထင်္ဂမံ ပဇာနာတိ၊ တဿ စ အဿာဒံ ပဇာနာတိ၊ တဿ စ အာဒီနဝံ ပဇာနာတိ၊ တဿ စ နိဿရဏံ ပဇာနာတိ၊ ကလ္လံ နု တေန တဒဘိနန္ဒိတု’’န္တိ? ‘‘နော ဟေတံ၊ ဘန္တေ’’။ ယတော ခေါ၊ အာနန္ဒ၊ ဘိက္ခု ဣမာသဉ္စ သတ္တန္နံ ဝိညာဏဋ္ဌိတီနံ ဣမေသဉ္စ ဒွိန္နံ အာယတနာနံ သမုဒယဉ္စ အတ္ထင်္ဂမဉ္စ အဿာဒဉ္စ အာဒီနဝဉ္စ နိဿရဏဉ္စ ယထာဘူတံ ဝိဒိတွာ အနုပါဒာ ဝိမုတ္တော ဟောတိ၊ အယံ ဝုစ္စတာနန္ဒ၊ ဘိက္ခု ပညာဝိမုတ္တော။

မြန်မာပြန်

အာနန္ဒာ ထို (ဝိညာဉ်၏ တည်ရာခုနစ်ပါး) တို့တွင် အချို့သောနတ် အချို့သောဝိနိပါတိကနှင့်လူတို့ကဲ့သို့ ကိုယ်သဏ္ဌာန်ချင်းကွဲပြား၍ ပဋိသန္ဓေသညာချင်းလည်း ကွဲပြားသော အကြင်ရှေးဦးစွာသောဝိညာဉ်၏ တည်ရာသည် ရှိ၏။

အာနန္ဒာ အကြင်သူသည် ထိုရှေးဦးစွာသော ဝိညာဉ်၏ တည်ရာကိုလည်း သိ၏၊ ထို (ဝိညာဉ်တည်ရာ) ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ထို (ဝိညာဉ်တည်ရာ) ၏ ချုပ်ကြောင်းကိုလည်း သိ၏၊ ထို (ဝိညာဉ်တည်ရာ) ၏ သာယာဖွယ်ကိုလည်း သိ၏၊ ထို (ဝိညာဉ်တည်ရာ) ၏ အပြစ်ကိုလည်း သိ၏၊ ထို (ဝိညာဉ်တည်ရာ) မှ ထွက်မြောက်ရာကိုလည်း သိ၏၊ ထိုသူသည် ထို (ရှေးဦးစွာသော ဝိညာဉ်တည်ရာ) ကိုနှစ်သက်ခြင်းငှါ သင့်ပါမည်လောဟု (မိန့်တော်မူ၏)။

မသင့်ပါ အသျှင်ဘုရား။ပ။

အာနန္ဒာ ထို (နေရာ ‘အာယတန’ နှစ်ပါး) တို့တွင် သညာမရှိသော သတ္တဝါတို့၏ အကြင်နေရာ ‘အာယတန’ သည် ရှိ၏။

အာနန္ဒာ အကြင်သူသည် ထိုနေရာ ‘အာယတန’ ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ ချုပ်ကြောင်းကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏သာယာဖွယ် ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ အပြစ်ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ မှထွက်မြောက်ရာ ကိုလည်း သိ၏၊ ထိုသူသည် ထိုနေရာ ‘အာယတန’ ကို နှစ်သက်ခြင်းငှါသင့်ပါမည်လောဟု (မိန့်တော်မူ၏)။

မသင့်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ ထို (နေရာ ‘အာယတန’ နှစ်ပါး) တို့တွင် (ကြမ်းတမ်းထင်ရှားသော) သညာမရှိမူ၍ (သိမ်မွေ့သော) သညာလည်းမကင်းသော သတ္တဝါတို့၏ အကြင်နေရာ ‘အာယတန’ သည် ရှိ၏။

အာနန္ဒာ အကြင်သူသည် ထိုနေရာ ‘အာယတန’ ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ ဖြစ်ကြောင်းကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ ချုပ်ကြောင်းကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏သာယာဖွယ်ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ ၏ အပြစ်ကိုလည်း သိ၏၊ ထိုနေရာ ‘အာယတန’ မှထွက်မြောက်ရာကိုလည်း သိ၏၊ ထိုသူသည် ထိုနေရာ ‘အာယတန’ ကို နှစ်သက်ခြင်းငှါ သင့်ပါမည်လောဟု (မိန့်တော်မူ၏)။

မသင့်ပါ အသျှင်ဘုရား (ဟု လျှောက်၏)။

အာနန္ဒာ အကြင့်ကြောင့် ရဟန်းသည် ဤဝိညာဉ်၏ တည်ရာ ခုနစ်ပါးနှင့် ဤနေရာ ‘အာယတန’ နှစ်ပါးတို့၏ ဖြစ်ကြောင်းကိုလည်းကောင်း ချုပ်ကြောင်းကိုလည်းကောင်း သာယာဖွယ်ကိုလည်းကောင်းအပြစ်ကိုလည်းကောင်း ထွက်မြောက်ရာကိုလည်းကောင်းဟုတ်မှန်သောအတိုင်းသိသဖြင့် မစွဲလမ်းမူ၍ (ကိလေသာတို့မှ) လွတ်မြောက်၏။

အာနန္ဒာ ဤရဟန်းကို ပညာဖြင့် လွတ်မြောက်သော ‘ပညာဝိမုတ္တ’ ပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။

အဋ္ဌ ဝိမောက္ခါ

ဝိမောက္ခ ရှစ်ပါး

အပိုဒ် ၁၂၉

‘‘အဋ္ဌ ခေါ ဣမေ၊ အာနန္ဒ၊ ဝိမောက္ခါ။ ကတမေ အဋ္ဌ? ရူပီ ရူပါနိ ပဿတိ အယံ ပဌမော ဝိမောက္ခေါ။ အဇ္ဈတ္တံ အရူပသညီ ဗဟိဒ္ဓါ ရူပါနိ ပဿတိ၊ အယံ ဒုတိယော ဝိမောက္ခေါ။ သုဘန္တေဝ အဓိမုတ္တော ဟောတိ၊ အယံ တတိယော ဝိမောက္ခေါ။ သဗ္ဗသော ရူပသညာနံ သမတိက္ကမာ ပဋိဃသညာနံ အတ္ထင်္ဂမာ နာနတ္တသညာနံ အမနသိကာရာ ‘အနန္တော အာကာသော’တိ အာကာသာနဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ စတုတ္ထော ဝိမောက္ခေါ။ သဗ္ဗသော အာကာသာနဉ္စာယတနံ သမတိက္ကမ္မ ‘အနန္တံ ဝိညာဏ’န္တိ ဝိညာဏဉ္စာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ပဉ္စမော ဝိမောက္ခေါ။ သဗ္ဗသော ဝိညာဏဉ္စာယတနံ သမတိက္ကမ္မ ‘နတ္ထိ ကိဉ္စီ’တိ အာကိဉ္စညာယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဆဋ္ဌော ဝိမောက္ခေါ။ သဗ္ဗသော အာကိဉ္စညာယတနံ သမတိက္ကမ္မ ‘နေဝသညာနာသညာ’ယတနံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ သတ္တမော ဝိမောက္ခေါ။ သဗ္ဗသော နေဝသညာနာသညာယတနံ သမတိက္ကမ္မ သညာဝေဒယိတနိရောဓံ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ အဋ္ဌမော ဝိမောက္ခေါ။ ဣမေ ခေါ၊ အာနန္ဒ၊ အဋ္ဌ ဝိမောက္ခါ။

မြန်မာပြန်

အာနန္ဒာ ဝိမောက္ခ ‘လွတ်မြောက်ခြင်း’ တို့သည် ရှစ်ပါး အပြားရှိကုန်၏။

အဘယ်ရှစ်ပါးတို့နည်းဟူမူ-

ရူပဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရုပ်တို့ကို ရှု၏၊ ဤကား ပဌမဝိမောက္ခတည်း။

မိမိသန္တာန်၌ ရုပ်ကို အမှတ်မပြုမူ၍ ပြင်ပ၌ ရုပ်တို့ကို ရှု၏၊ ဤကား ဒုတိယဝိမောက္ခတည်း။

တင့်တယ်၏ ဟူ၍သာလျှင် နှလုံးသွင်း၏၊ ဤကား တတိယဝိမောက္ခတည်း။

ရူပသညာတို့ကို လုံးဝလွန်မြောက်ခြင်း ပဋိဃသညာတို့၏ လုံးဝချုပ်ခြင်း နာနတ္တသညာတို့ကိုလုံးဝနှလုံးမသွင်းခြင်းကြောင့် “ကောင်းကင်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတန ဈာန်သို့ ရောက်၍နေ၏၊ ဤကား စတုတ္ထဝိမောက္ခတည်း။

အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “ဝိညာဉ်သည် အဆုံးမရှိ”ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤကား ပဉ္စမဝိမောက္ခတည်း။

ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ “တစ်စုံတစ်ခုမျှမရှိ”ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤကား ဆဋ္ဌဝိမောက္ခတည်း။

အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍ နေဝသညာ နာသညာယတနဈာန်သို့ ရောက်၍ နေ၏၊ ဤကား သတ္တမဝိမောက္ခတည်း။

နေဝသညာနာသညာယတနဈာန်ကို လုံးဝလွန်မြောက်၍ သညာဝေဒနာတို့၏ချုပ်ရာ ‘နိရောဓသမာပတ်’ သို့ရောက်၍နေ၏၊ ဤကား အဋ္ဌမဝိမောက္ခတည်း။

အာနန္ဒာ ဝိမောက္ခ ‘လွတ်မြောက်ခြင်း’ တို့ကား ဤရှစ်ပါးတို့ပေတည်း။

အပိုဒ် ၁၃၀

‘‘ယတော ခေါ၊ အာနန္ဒ၊ ဘိက္ခု ဣမေ အဋ္ဌ ဝိမောက္ခေ အနုလောမမ္ပိ သမာပဇ္ဇတိ၊ ပဋိလောမမ္ပိ သမာပဇ္ဇတိ၊ အနုလောမပဋိလောမမ္ပိ သမာပဇ္ဇတိ၊ ယတ္ထိစ္ဆကံ ယဒိစ္ဆကံ ယာဝတိစ္ဆကံ သမာပဇ္ဇတိပိ ဝုဋ္ဌာတိပိ။ အာသဝါနဉ္စ ခယာ အနာသဝံ စေတောဝိမုတ္တိံ ပညာဝိမုတ္တိံ ဒိဋ္ဌေဝ ဓမ္မေ သယံ အဘိညာ သစ္ဆိကတွာ ဥပသမ္ပဇ္ဇ ဝိဟရတိ၊ အယံ ဝုစ္စတာနန္ဒ၊ ဘိက္ခု ဥဘတောဘာဂဝိမုတ္တော။ ဣမာယ စ အာနန္ဒ ဥဘတောဘာဂဝိမုတ္တိယာ အညာ ဥဘတောဘာဂဝိမုတ္တိ ဥတ္တရိတရာ ဝါ ပဏီတတရာ ဝါ နတ္ထီ’’တိ။ ဣဒမဝေါစ ဘဂဝါ။ အတ္တမနော အာယသ္မာ အာနန္ဒော ဘဂဝတော ဘာသိတံ အဘိနန္ဒီတိ။

မြန်မာပြန်

အာနန္ဒာ အကြင့်ကြောင့် ရဟန်းသည် ဤရှစ်ပါးသော ဝိမောက္ခတို့ကို အနုလုံအားဖြင့်လည်းဝင်စား၏၊ ပဋိလုံအားဖြင့်လည်း ဝင်စား၏၊ အနုလုံပဋိလုံအားဖြင့်လည်း ဝင်စား၏၊ အလိုရှိတိုင်းသောအရပ်၌ အလိုရှိတိုင်းသော သမာပတ်ကို အလိုရှိတိုင်း ဝင်စားလည်း ဝင်စား၏၊ (သမာပတ်မှ) ထလည်းထ၏၊ အာသဝတို့၏ ကုန်ခြင်းကြောင့် အာသဝကင်းသော လွတ်မြောက်သော (အရဟတ္တဖိုလ်) စိတ်နှင့်လွတ်မြောက်သော (အရဟတ္တဖိုလ်) ပညာကို ယခုဘဝ၌ပင် ထူးသောဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍နေ၏။

အာနန္ဒာ ဤရဟန်းကို နှစ်ပါးသော အဖို့အားဖြင့် (ကိလေသာမှ) လွတ်မြောက်သော ‘ဥဘတောဘာဂဝိမုတ္တ’ ရဟန်းဟူ၍ ဆိုအပ်၏။

အာနန္ဒာ နှစ်ပါးသော အဖို့အားဖြင့် (ကိလေသာမှ) လွတ်မြောက်သော အရဟတ္တဖိုလ်ထက် သာ၍လွန်ကဲသည်လည်းဖြစ်သော သာ၍ မွန်မြတ်သည်လည်းဖြစ်သော နှစ်ပါးသော အဖို့အားဖြင့် (ကိလေသာမှ) လွတ်မြောက်သော အခြားတရားမည်သည် မရှိတော့ပြီဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤ (တရားတော်) ကို ဟောတော်မူ၏။ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားဟောတော်မူသော တရားတော်ကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူလေသတည်း။

မဟာနိဒာနသုတ္တံ နိဋ္ဌိတံ ဒုတိယံ။

မြန်မာပြန်

ဒုတိယမဟာနိဒါနသုတ် ပြီး၏။

နောက်ခံ လေ့လာရန်

မဟာနိဒါနသုတ်

ဘုရားရှင် ကုရုနိုင်ငံ ကမ္မာသဒမ္မနိဂုံး၌ သီတင်းသုံးတော်မူနေစဉ်-မြတ်စွာဘုရား ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် နက်နဲလှပါ၏။ နက်နဲသော အသွင်ရှိပါ၏။ သို့သော်လည်း တပည့်တော်၏ဉာဏ်၌ ပေါ်လွင်ထင်ရှား ပေါ်လွင်ထင်ရှားသော အသွင်ရှိပါ၏ဟု အရှင်အာနန္ဒာ၏လျှောက်ထားမှုကို အကြောင်းပြု၍ “မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ”-ဟု တားမြစ်တော်မူပြီး ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်သည် နက်နဲလည်း နက်နဲလှပေ၏။ နက်နဲသောအသွင်အပြင်လည်းရှိပေ၏။ ဤပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို လျော်စွာမသိခြင်း၊ ထိုးထွင်း၍မသိခြင်းကြောင့် သတ္တဝါတို့သည် ချည်ခင်ထွေး၊ စာပေါင်းသိုက်၊ ဖြူဆံမြက်၊ ပြိန်းမြက်တို့ကဲ့သို့ဖြစ်နေကြပြီး မကောင်းသောလားရာ စည်းစိမ်ဥစ္စာ အင်္ဂါခြေလက် ဖရိုဖရဲပျက်စီးလျက် မိမိတို့အလို အာသာကင်းလျက် ကျရောက်ရာ အပါယ်လေးဘုံ၊ သံသရာတို့မှ မလွတ်မြောက်နိုင်ပုံ ဟောတော်မူပါသည်။

ဇရာမရဏသည် ဇာတိကြောင့်ဖြစ်ပုံမှ အစပြု၍ အဆင့်ဆင့် ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ၊ နာမ်ရုပ်ကြောင့် ဝိညာဉ်ဖြစ်ပုံအထိ အကျိုးတရား၏ အကြောင်း တရားကို အသီးအသီးဟောကြားတော်မူပြီး နာမ်ရုပ်ကြောင့် ဝိညာဉ်ဖြစ်ပုံ၊ နာမ်ရုပ်ကြောင့် ဖဿဖြစ်ပုံ၊ ဖဿကြောင့် ဝေဒနာဖြစ်ပုံမှ အစပြု၍-သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသ-ဟူသော ဒုက္ခအစုအဝေးဖြစ်ပုံ ပဋိစ္စသမုပ္ပါဒ အနုလောမ ဒေသနာတော်ကို ဟောတော်မူပါသည်။

ဇာတိကြောင့် ဇရာမရဏ၊ ဘဝကြောင့် ဇာတိ၊ ဥပါဒါန်ကြောင့် ဘဝ၊ တဏှာကြောင့် ဥပါဒါန်၊ ဝေဒနာကြောင့် တဏှာဖြစ်ပုံတို့ဆက်စပ်၍ တစ်ပါးစီ တစ်ပါးစီ-ဇာတိ၊ ဘဝ၊ ဥပါဒါန်၊ တဏှာ၊ ဝေဒနာသရုပ်တို့ကို အကျယ်ထုတ်၍ ဟောတော်မူပါသည်။

ဝေဒနာကိုအကြောင်းပြု၍ တဏှာ၊ တဏှာကိုအကြောင်းပြု၍ ပရိယေသနာ၊ ပရိယေသနာကိုအကြောင်းပြု၍ လာဘ၊ လာဘကိုအကြောင်းပြု၍ ဝိနိစ္ဆယ၊ ဝိနိစ္ဆယ ကိုအကြောင်းပြု၍ ဆန္ဒရာဂ၊ ဆန္ဒရာဂကိုအကြောင်းပြု၍ အဇ္ဈောသာန၊ အဇ္ဈောသာန ကိုအကြောင်းပြု၍ ပရိဂ္ဂဟ၊ ပရိဂ္ဂဟကိုအကြောင်းပြု၍ မစ္ဆရိယ၊ မစ္ဆရိယကိုအကြောင်း ပြု၍ အာရက္ခ၊ အာရက္ခကိုအကြောင်းပြု၍ ဒဏ္ဍာဒါန၊ သတ္ထာဒါန၊ ကလဟ၊ ဝိဂ္ဂဟ၊ ဝိဝါဒ၊ တုဝံတုဝံ-ပေသုည-မုသာဝါဒ-ဟူသော များစွာသောအကုသိုလ်တရားတို့ဖြစ်ပုံ ဥဒ္ဒေသကိုဟောကြားတော်မူပြီး ယင်းဥဒ္ဒေသတစ်ပါးစီ တစ်ပါးစီ၏ နိဒ္ဒေသကိုဝေဖန်၍ ဟောကြားတော်မူပါသည်။

ဖဿပစ္စယာ ဝေဒနာ၊ နာမရူပပစ္စယာ ဖဿ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပပစ္စယာ ဝိညာဏံ-တို့ကို တစ်ပါးစီ တစ်ပါးစီ အကျယ်ဝေဖန်၍ ဟောတော်မူပါသည်။

အချင်းချင်းကျေးဇူးပြုသော ဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် သတ္တဝါသည်ဖြစ်လည်း ဖြစ်ပေါ်ရာ၏။ အိုမူလည်း အိုရာ၏။ သေလည်း သေရာ၏။ စုတေမူလည်း စုတေရာ၏။ အဖန်ဖန်ဖြစ်သူလည်း ဖြစ်ရာ၏။ ဤဝိညာဉ်နှင့် နာမ်ရုပ်မျှဖြင့် အမည်ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ သဒ္ဒါ ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ ပညတ်ဖြစ်ခြင်း၏အကြောင်းသည်ဖြစ်၏။ ပညတ်၏ ကျက်စားရာဖြစ်၏။ ဝဋ်သုံးပါးလည်၏။ ဤခန္ဓာငါးပါးသည်လည်း ခေါ်ဝေါ်ပညတ် ခြင်းငှာဖြစ်၏။

(၁) ရုပ်ရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်ပုံ၊

(၂) ရုပ်ရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်ပုံ၊

(၃) ရုပ်မရှိ အပိုင်းအခြားရှိသော အတ္တကို ပညတ်ပုံ၊

(၄) ရုပ်မရှိ အပိုင်းအခြားမရှိသော အတ္တကို ပညတ်ပုံ-လေးမျိုး၏ အကျယ်ကိုလည်း တစ်မျိုးစီ တစ်မျိုးစီ ရှင်းလင်းဟောကြားတော်မူပါသည်။

အတ္တတို့ကို ရုပ်ရှိ၊ ရုပ်မရှိ၊ အပိုင်းအခြားရှိ/မရှိ မပညတ်ပုံလေးမျိုးတို့ကိုလည်း အကျယ်အားဖြင့် ဟောကြားတော်မူပါသည်။

ဝေဒနာကို အတ္တဟုရှုမြင်ပုံ၊ မရှုမြင်ပုံ။ အတ္တသည် ဝေဒနာမဟုတ်၊ အတ္တသည် ခံစားတတ်၊ ခံစားခြင်းသဘောရှိ၏-ဟု အတ္တကို ရှုမြင်သူသုံးယောက်ကို အကျယ်ဝေဖန်၍ ဟောကြားတော်မူပါသည်။

ထိုသုံးမျိုးကို မရှုသောသူသည် လောက၌တစ်စုံတစ်ခုကိုမျှ မစွဲလမ်း၊ မတပ် မက်မောတော့ပုံ၊ ငြိမ်းအေးသွားတော့ပုံ၊ ရဟန္တာဖြစ်သွားပုံ၊ ရဟန္တာဖြစ်ပြီးသောပုဂ္ဂိုလ်သည် “ဟောတိ တထာဂတော ပရံ မရဏာ” အစရှိသော မိစ္ဆာအယူ မရှိတော့ပုံ ကိလေသာမှလွတ်မြောက်ပုံ “မသိမမြင်သောပုဂ္ဂိုလ် ဤသို့သောအယူရှိသော ပုဂ္ဂိုလ်”ဟု မဆိုနိုင်တော့ပုံ ဟောတော်မူပါသည်။

ဝိညာဏဋ္ဌိတိ ခုနစ်ပါးနှင့် ဝိမောက္ခရှစ်ပါးအကျယ်ကို ဟောတော်မူပြီး ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိုလ်ထက် မြင့်မြတ်မွန်မြတ်သောပုဂ္ဂိုလ်မရှိတော့ပြီဟု နိဂုံးချုပ် ဟောတော်မူပါသည်။

ဤဒေသနာတော်ကို အရှင်အာနန္ဒာအား အမေး-အဖြေအနေအားဖြင့် တဖြည်းဖြည်း ရှင်းလင်းဟောကြားတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များစွာရှိပါသည်။

မဟာနိဒါနသုတ်တွင် ပဋိစ္စသမုပ္ပါဒ်တရားအကြောင်း အသေးစိတ် ဆွေးနွေးထားရုံမျှမက အတ္တအကြောင်း၊ ဝိညာဏဋ္ဌိတိ ခုနစ်ပါးအကြောင်း၊ ဝိမောက္ခရှစ်ပါးအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဖော်ပြထားသည်။ ပိဋကတ်လျှောက်လုံးတွင် ပဋိစ္စသမုပ္ပါဒ်တရား အကြောင်းကို ဤသုတ်၌ အပြည့်စုံဆုံး ရှင်းလင်းဖော်ပြထားသည်ကို တွေ့ရှိရသည်။

မှတ်ချက်

၁။ ဥပါဒါန်၏ အကြောင်းဖြစ်သော ဝဋ္ဋမူလ ‘ဝဋ်မြစ်’ တဏှာနှင့် ရှာမှီးခြင်း၏ အကြောင်းဖြစ်သော သမုဒါစာရ ‘မပြတ်ဖြစ် နေသော’ တဏှာတို့ကိုပင် ၂-မျိုးဟု ဆိုသည်။

၂။ အဓိဝစနသမ္ဖဿဟူသည် မနောဒွါရ၌ဖြစ်သော ကြံသိလျက် တွေ့သော မနောသမ္ဖဿပင်တည်း။

၃။ ပဋိဃသမ္ဖဿဟူသည်မှာ ပဉ္စဒွါရ၌ဖြစ်သော မြင်သိလျက် တွေ့သော စက္ခုသမ္ဖဿ စသည်ပင်တည်း။

၁။ သမနုပဿတိ ရှု၏ဟူသည်မှာ ဤအရာ၌ ယူဆသည်ကိုပင် ဆိုလိုသည်။

၁။ နတ်ပြည်ခြောက်ထပ်ရှိ ကာမာဝစရနတ်တို့ကို အချို့သောနတ်ဟု ဆိုသည်။

၂။ ဖုတ်တစ္ဆေသရဲစသော နာနာဘာဝ သတ္တဝါတို့ကို အချို့သော ဝိနိပါတိကဟု ဆိုသည်။

ဆဋ္ဌသင်္ဂါယနာ ပါဠိတော်နှင့် တိုက်ဆိုင်ချက်

ဤစာမျက်နှာရှိ ပါဠိသည် ဆဋ္ဌသင်္ဂါယနာ ပါဠိတော် မဟာနိဒာနသုတ္တံ (ဒီဃနိကာယော၊ မဟာဝဂ္ဂပါဠိ) ကို ကူးယူထားခြင်း ဖြစ်ပြီး မြန်မာပြန်ကို စာပိုဒ်နံပါတ်အလိုက် တွဲဖက်ထားသည်။

ပါဠိတော်တွင် [ ] ဖြင့် ပြထားသော အခြားမူများ၏ ပါဌ်ကွဲများကို ပါဠိစာသားမှ ထုတ်၍ စာပိုဒ်အလိုက် ဤတွင် ဖော်ပြထားသည် —

စာလုံးပေါင်း အမှား စသည်တို့ကို ပြင်ဆင်ထားပြီး အောက်ခြေ မူရင်းအပိုင်းတွင် ဖော်ပြထားသည်။

မူရင်း: ဝီကီရင်းမြစ် (my.wikisource.org) — သုတ်မဟာဝါ ပါဠိတော် (မြန်မာပြန်)၊ ၂-မဟာနိဒါနသုတ် (ရေးသားသူ — သာသနာရေးဦးစီးဌာန) · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

မူရင်း: Vipassana Research Institute (tipitaka.org) — မဟာနိဒာနသုတ္တံ (ဒီဃနိကာယော၊ မဟာဝဂ္ဂပါဠိ) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — မဟာနိဒါနသုတ် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

နောက်ခံ လေ့လာရန် အပိုင်းသည် ဝီကီပီးဒီးယား စာမျက်နှာမှ အပိုင်းအချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။ စာလုံးပေါင်း အမှားနှင့် ကျန်ခဲ့သော စကားလုံး စသည်ဖြင့် စာသား ၃၃ နေရာကို ပြင်ဆင်ထားပြီး အောက်တွင် စာရင်းပြုထားသည်။ ဤမှအပ စာသားကို မပြင်ထားပါ။

စာသား ပြင်ဆင်ချက် (၃၀)
  • ‘ဇာတိ ‘သည် ဖြစ်၏၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ ‘ဟူသော → ‘ဇာတိ’ သည် ဖြစ်၏၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ ဟူသော (အပိုဒ် ၉၇၊ မြန်မာပြန်)
  • ‘ဇာတိ ‘သည် မဖြစ်ငြားအံ့၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ ‘သည် အချင်းခပ်သိမ်း → ‘ဇာတိ’ သည် မဖြစ်ငြားအံ့၊ ပဋိသန္ဓေနေခြင်း ‘ဇာတိ’ သည် အချင်းခပ်သိမ်း (အပိုဒ် ၉၈၊ မြန်မာပြန်)
  • ‘ဇာတိ’ သည့်ဖြစ်၏ဟူသော → ‘ဇာတိ’ သည် ဖြစ်၏ဟူသော (အပိုဒ် ၉၉၊ မြန်မာပြန်)
  • ‘ဇာတိ ‘ဖြစ်ပုံကို → ‘ဇာတိ’ ဖြစ်ပုံကို (အပိုဒ် ၉၉၊ မြန်မာပြန်)
  • အကြောင်းရင်း့ ‘ဟိတ်’ → အကြောင်းရင်း ‘ဟိတ်’ (အပိုဒ် ၁၀၁၊ မြန်မာပြန်)
  • ‘ပစ္စည်း’ ပေ တည်း။ → ‘ပစ္စည်း’ ပေတည်း။ (အပိုဒ် ၁၀၂၊ မြန်မာပြန်)
  • ကုန်းတိုက်ခြင်း့မဟုတ် မမှန်ပြောခြင်း → ကုန်းတိုက်ခြင်း မဟုတ်မမှန် ပြောခြင်း (အပိုဒ် ၁၀၄၊ မြန်မာပြန်)
  • (မိန့် တော်မူ၏) → (မိန့်တော်မူ၏) (အပိုဒ် ၁၀၄၊ မြန်မာပြန်)
  • အခြေခံ့ ‘နိဒါန်း’ → အခြေခံ ‘နိဒါန်း’ (အပိုဒ် ၁၁၁၊ မြန်မာပြန်)
  • (မိန့့်တော်မူ၏) → (မိန့်တော်မူ၏) (အပိုဒ် ၁၁၄၊ မြန်မာပြန်)
  • ‘ရူပကာယ ‘ကိုလည်းကောင်း → ‘ရူပကာယ’ ကိုလည်းကောင်း (အပိုဒ် ၁၁၄၊ မြန်မာပြန်)
  • ‘အဓိဝစန သမ္ဖဿ'၂သည် → ‘အဓိဝစနသမ္ဖဿ’၂ သည် (အပိုဒ် ၁၁၄၊ မြန်မာပြန်)
  • စုတေ့မူလည်း → စုတေမူလည်း (အပိုဒ် ၁၁၆၊ မြန်မာပြန်)
  • အတ္တကို ပညတ် ၏၊ → အတ္တကို ပညတ်၏၊ (အပိုဒ် ၁၁၈၊ မြန်မာပြန်)
  • မပညတ်၊့ (သူတစ်ပါးတို့ → မပညတ်၊ (သူတစ်ပါးတို့ (အပိုဒ် ၁၂၀၊ မြန်မာပြန်)
  • ‘အရူပီအနန္တ္တတ္တာနုဒိဋ္ဌိ’ → ‘အရူပီအနန္တတ္တာနုဒိဋ္ဌိ’ (အပိုဒ် ၁၂၀၊ မြန်မာပြန်)
  • ခံစားခြင်း’ ဝေဒနာ’ သည်ပင် → ခံစားခြင်း ‘ဝေဒနာ’ သည်ပင် (အပိုဒ် ၁၂၆၊ မြန်မာပြန်)
  • တစ်စုံတစ်ခုကိုမျှလည်း့မစွဲလမ်း → တစ်စုံတစ်ခုကိုမျှလည်း မစွဲလမ်း (အပိုဒ် ၁၂၆၊ မြန်မာပြန်)
  • အာကာသာနဉ္စာ့ယတနဘုံ → အာကာသာနဉ္စာယတနဘုံ (အပိုဒ် ၁၂၇၊ မြန်မာပြန်)
  • ‘အာယတန'့နှစ်ပါး → ‘အာယတန’ နှစ်ပါး (အပိုဒ် ၁၂၈၊ မြန်မာပြန်)
  • ပိဋကတလျှောက်လုံးတွင် → ပိဋကတ်လျှောက်လုံးတွင် (နောက်ခံ)
  • ကိလသာမှလွတ်မြောက်ပုံ → ကိလေသာမှလွတ်မြောက်ပုံ (နောက်ခံ)
  • ပုဂ္ဂိုလ်ခုနစ်ဦးအကြောင်း → ဝိညာဏဋ္ဌိတိ ခုနစ်ပါးအကြောင်း (နောက်ခံ)
  • “မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ-ဟု → “မာဟေဝံ အာနန္ဒ၊ မာဟေဝံ အာနန္ဒ”-ဟု (နောက်ခံ)
  • ဝိညာဏ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ → ဝိညာဉ်ကြောင့် နာမ်ရုပ်ဖြစ်ပုံ (နောက်ခံ)
  • ‘ဝိညာဉ်'သည် → ‘ဝိညာဉ်’ သည် (အပိုဒ် ၁၁၆၊ မြန်မာပြန်၊ ၂ ကြိမ်)
  • အတ္တကိုသော် လည်းပညတ်၏ → အတ္တကိုသော်လည်း ပညတ်၏ (အပိုဒ် ၁၁၈၊ မြန်မာပြန်၊ ၂ ကြိမ်)
  • ‘အဒုက္ခ မသုခဝေဒနာ’ → ‘အဒုက္ခမသုခဝေဒနာ’ (အပိုဒ် ၁၂၂၊ မြန်မာပြန်၊ ၂ ကြိမ်)
  • ဖော်ပြထားသည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ တို့၏ အကြောင်းရင်းဖြစ်သည့် အဝိဇ္ဇာတရားအကြောင်းကိုလည်း ရှင်းလင်းထားသည်။ → ဖော်ပြထားသည်။ (နောက်ခံ)
  • ‘မရဏ’ သည် / ထင်ရှားနိုင်ပါဦးမည်လောဟု → ‘မရဏ’ သည် ထင်ရှားနိုင်ပါဦးမည်လောဟု (အပိုဒ် ၉၈၊ မြန်မာပြန်)