ဓမ္မဒါန

ဓမ္မစကြာသုတ်

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ

အပိုဒ် ၁

ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ––

“ဒွေမေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။ ကတမေ ဒွေ? ––

၁-၁။ ယော စာယံ ကာမေသု ကာမသုခလ္လိကာနုယောဂေါ ဟီနော ဂမ္မော ပေါထုဇ္ဇနိကော အနရိယော အနတ္ထသံဟိတော။

၁-၂။ ယော စာယံ အတ္တကိလမထာနုယောဂေါ ဒုက္ခော အနရိယော အနတ္ထသံဟိတော။

မြန်မာပြန်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနအမည်ရသည့် သားတို့ကို ဘေးမဲ့ပေးရာ မိဂဒါဝုန်တော၌ သီတင်းသုံးစံနေတော်မူဆဲ ဖြစ်၏၊ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော်မူ၏..။ ရဟန်းတို့...ရဟန်းဖြစ်သူသည် ဤ အစွန်းတရား နှစ်ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ် အစွန်းတရား နှစ်ပါးတို့နည်း? –

၁-၁။ ယုတ်ညံ့၍ ရွာသူတို့၏ အကျင့်ဖြစ်သော, ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော, အကျိုးစီးပွားနှင့် မစပ်ယှဉ်သော, ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်းလည်းကောင်း၊

၁-၂။ ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော, အရိယာတို့၏ အကျင့်မဟုတ်သော, အကျိုးစီးပွားနှင့် မစပ်ယှဉ်သော, မိမိကိုယ်ကို ပင်ပန်းအောင် ညှဉ်းပန်းမှုကို အဖန်ဖန် အားထုတ်ခြင်းလည်းကောင်း –– ဤ အစွန်းတရား နှစ်ပါးတို့ပင်တည်း။

အပိုဒ် ၂

ဧတေ ခေါ ဘိက္ခဝေ ဥဘော အန္တေ အနုပဂမ္မ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

မြန်မာပြန်

ရဟန်းတို့...ထိုအစွန်းတရား နှစ်ပါးတို့သို့ မကပ်ရောက်မူ၍ ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်း သိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, အလယ်အလတ်ဖြစ်သော (မဇ္ဈိမပဋိပဒါ) အကျင့်သည် ကိလေသာ အပူမီး ငြိမ်းအေးရန်အလို့ငှာ ဖြစ်၏၊ ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန်အလို့ငှာ ဖြစ်၏၊ နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန်အလို့ငှာ ဖြစ်၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏၊

အပိုဒ် ၃

ကတမာ စ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ?

အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ ––

၃-၁။ သမ္မာဒိဋ္ဌိ

၃-၂။ သမ္မာသင်္ကပ္ပေါ

၃-၃။ သမ္မာဝါစာ

၃-၄။ သမ္မာကမ္မန္တော

၃-၅။ သမ္မာအာဇီဝေါ

၃-၆။ သမ္မာဝါယာမော

၃-၇။ သမ္မာသတိ

၃-၈။ သမ္မာသမာဓိ

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်သော, ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်ကား အဘယ်နည်း။

ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ပင်တည်း။ ဤအင်္ဂါရှစ်ပါးရှိသော အရိယမဂ်ဟူသည် အဘယ်နည်း..။

၃-၁။ (သစ္စာလေးရပ် တရားမြတ်ကို) မှန်စွာ ထိုးထွင်းသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊

၃-၂။ (သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းဟူသော) မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊

၃-၃။ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊

၃-၄။ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊

၃-၅။ မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊

၃-၆။ (သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန်) မှန်စွာ ကြိုးစားအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊

၃-၇။ (သစ္စာလေးရပ် တရားမြတ်အာရုံကို) မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊

၃-၈။ (ဥပစာရသမာဓိ အပ္ပနာသမာဓိတည်းဟူသော) မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’တို့ပင်တည်း။

အပိုဒ် ၄

အယံ ခေါ သာ ဘိက္ခဝေ မဇ္ဈိမာ ပဋိပဒါ တထာဂတေန အဘိသမ္ဗုဒ္ဓါ စက္ခုကရဏီ ဉာဏကရဏီ ဥပသမာယ အဘိညာယ သမ္ဗောဓာယ နိဗ္ဗာနာယ သံဝတ္တတိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် အထူးသဖြင့် ထိုးထွင်းသိမြင်တော်မူအပ်သော, ပညာမျက်စိကို ပြုတတ်သော, ဉာဏ်အမြင်ကို ပြုတတ်သော, ကိလေသာ အပူမီး ငြိမ်းအေးရန် ထူးသော ဉာဏ်ဖြင့် (သစ္စာလေးရပ် တရားမြတ်ကို) ထိုးထွင်းသိမြင်ရန် နိဗ္ဗာန်ကို ထိုးထွင်းသိမြင်တတ်သည့် အရိယမဂ်ဉာဏ်ကို ရရှိရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ဖြစ်သော, ထိုအလယ်အလတ်ဖြစ်သော မြတ်သော (မဇ္ဈိမပဋိပဒါ) အကျင့်သည်ကား ဤသည်ပင်တည်း။

အပိုဒ် ၅

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ – ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ၊ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော၊ ယမ္ပိစ္ဆံ န လဘတိ တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ။

မြန်မာပြန်

ရဟန်းတို့...ဤသည်ကား ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’ပေတည်း၊ ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဒုက္ခတည်း၊ အိုရခြင်းသည်လည်း ဒုက္ခတည်း၊ နာရခြင်းသည်လည်း ဒုက္ခတည်း၊ သေရခြင်းသည်လည်း ဒုက္ခတည်း၊ မချစ်မနှစ်သက်သောသူတို့နှင့် အတူနေရခြင်းသည်လည်း ဒုက္ခတည်း၊ ချစ်ခင် နှစ်သက်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဒုက္ခတည်း၊ လိုချင်ရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် တဏှာ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းရာ အာရုံဖြစ်ကုန်သော ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ဒုက္ခတို့တည်း။

အပိုဒ် ၆

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခသမုဒယံ အရိယသစ္စံ – ယာယံ တဏှာ ပေါနောဗ္ဘဝိကာ နန္ဒိရာဂသဟဂတာ တတြတတြာဘိနန္ဒိနီ၊ သေယျထိဒံ - ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ။

မြန်မာပြန်

ရဟန်းတို့...ဤသည်ကား ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာ တရား’ပေတည်း၊ အကြင်တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏၊ နှစ်သက်ခြင်း တပ်မက်ခြင်းနှင့် တကွ ဖြစ်၏၊ ထိုထိုအာရုံ၌ လွန်စွာ နှစ်သက်တတ်၏၊ ဤတပ်မက်မှု တဏှာဟူသည် အဘယ်နည်း၊ ကာမဘုံတို့၌ တပ်မက်မှု တဏှာ ‘ကာမတဏှာ’၊ (အတ္တသည်) တည်မြဲ၏ ဟု စွဲယူသော သဿတဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှု တဏှာ ‘ဘဝတဏှာ’၊ (အတ္တသည်) သေလျှင် ပြတ်စဲ၏ဟု စွဲယူသော ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော တပ်မက်မှုတဏှာ ‘ဝိဘဝတဏှာ’တို့တည်း။

အပိုဒ် ၇

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓံ အရိယသစ္စံ – ယော တဿာယေဝ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။

မြန်မာပြန်

ရဟန်းတို့...ဤသည်ကား ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာ တရား’ပေတည်း၊ ယင်းဒုက္ခ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု တဏှာ၏သာလျှင် အကြွင်းမဲ့ စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန်စွန့်ပယ်ရာ လွတ်မြောက်ရာ မကပ်ငြိရာ (နိဗ္ဗာန်)ပင် ဖြစ်၏၊

အပိုဒ် ၈

ဣဒံ ခေါ ပန ဘိက္ခဝေ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ – အယမေဝ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ၊ သေယျထိဒံ ––

၈-၁။ သမ္မာဒိဋ္ဌိ

၈-၂။ သမ္မာသင်္ကပ္ပေါ

၈-၃။ သမ္မာဝါစာ

၈-၄။ သမ္မာကမ္မန္တော

၈-၅။ သမ္မာအာဇီဝေါ

၈-၆။ သမ္မာဝါယာမော

၈-၇။ သမ္မာသတိ

၈-၈။ သမ္မာသမာဓိ။

မြန်မာပြန်

ရဟန်းတို့...ဤသည်ကား ဒုက္ခချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ)တရား’ပေတည်း၊ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏၊ အင်္ဂါရှစ်ပါး ဟူသော်ကား ––

၈-၁။ (သစ္စာလေးရပ် တရားမြတ်ကို) မှန်စွာ ထိုးထွင်းသိမြင်ခြင်း ‘သမ္မာဒိဋ္ဌိ’၊

၈-၂။ (သစ္စာလေးရပ် တရားမြတ်အာရုံပေါ်သို့ စိတ်ကို ရှေးရှုတင်ပေးခြင်းဟူသော) မှန်စွာ ကြံခြင်း ‘သမ္မာသင်္ကပ္ပ’၊

၈-၃။ မှန်စွာ ပြောဆိုခြင်း ‘သမ္မာဝါစာ’၊

၈-၄။ မှန်စွာ ပြုလုပ်ခြင်း ‘သမ္မာကမ္မန္တ’၊

၈-၅။ မှန်စွာ အသက်မွေးခြင်း ‘သမ္မာအာဇီဝ’၊

၈-၆။ (သစ္စာလေးရပ် တရားမြတ်ကို ထိုးထွင်းသိမြင်ရန်) မှန်စွာ ကြိုးစားအားထုတ်ခြင်း ‘သမ္မာဝါယာမ’၊

၈-၇။ (သစ္စာလေးရပ် တရားမြတ်အာရုံကို) မှန်စွာ အောက်မေ့ခြင်း ‘သမ္မာသတိ’၊

၈-၈။ (ဥပစာရသမာဓိ အပ္ပနာသမာဓိတည်းဟူသော) မှန်စွာ တည်ကြည်ခြင်း ‘သမ္မာသမာဓိ’ တို့ပင်တည်း။

ဒုက္ခသစ္စာ၌ ဉာဏ်သုံးပါး

အပိုဒ် ၉

‘ဣဒံ ဒုက္ခံ အရိယသစ္စ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...“ဤတရားသည် ဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ)တရားတို့၌ ငါဘုရားရှင်၏သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

အပိုဒ် ၁၀

‘တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညေယျ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’ကို စင်စစ် ပိုင်းခြား၍ သိထိုက်၏ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

အပိုဒ် ၁၁

‘တံ ခေါ ပနိဒံ ဒုက္ခံ အရိယသစ္စံ ပရိညာတ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့... ငါဘုရားရှင်သည် ထိုဒုက္ခဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခအရိယသစ္စာတရား’ကို ပိုင်းခြား၍ သိခဲ့ပြီးပြီဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

သမုဒယသစ္စာ၌ ဉာဏ်သုံးပါး

အပိုဒ် ၁၂

‘ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...“ဤ (တဏှာ)တရားသည် ဒုက္ခဖြစ်ကြောင်း အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယအရိယသစ္စာ တရား’မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

အပိုဒ် ၁၃

‘တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထို ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’ကို ပယ်အပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

အပိုဒ် ၁၄

‘တံ ခေါ ပနိဒံ ဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထို ဒုက္ခဖြစ်ကြောင်းဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခသမုဒယ အရိယသစ္စာတရား’ကို ပယ်ပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

နိရောဓသစ္စာ၌ ဉာဏ်သုံးပါး

အပိုဒ် ၁၅

‘ဣဒံ ဒုက္ခနိရောဓံ အရိယသစ္စ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...“ဤနိဗ္ဗာန်သည် ဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာတရား’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

အပိုဒ် ၁၆

‘တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာတဗ္ဗ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထိုဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာ တရား’ကို မျက်မှောက်ပြုအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော် မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

အပိုဒ် ၁၇

‘တံ ခေါ ပနိဒံ ဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထိုဒုက္ခချုပ်ရာဖြစ်သည့် အရိယာတို့၏ အမှန်တရား ‘ဒုက္ခနိရောဓအရိယသစ္စာ တရား’ကို မျက်မှောက်ပြုပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌ ငါဘုရားရှင်၏သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှား ဖြစ်ပေါ်တော် မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

မဂ္ဂသစ္စာ၌ ဉာဏ်သုံးပါး

အပိုဒ် ၁၈

‘ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...“ဤမဂ္ဂင်ရှစ်ပါး ကျင့်စဉ်တရားသည် ဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား’ မည်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှား ဖြစ်ပေါ်တော်မူခဲ့၏၊ (သစ္စဉာဏ်)

အပိုဒ် ၁၉

တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထိုဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား’ကို ပွားများအပ်၏”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကိစ္စဉာဏ်)

အပိုဒ် ၂၀

‘တံ ခေါ ပနိဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ’န္တိ မေ ဘိက္ခဝေ ပုဗ္ဗေ အနနုဿုတေသု ဓမ္မေသု စက္ခုံ ဥဒပါဒိ၊ ဉာဏံ ဥဒပါဒိ၊ ပညာ ဥဒပါဒိ၊ ဝိဇ္ဇာ ဥဒပါဒိ၊ အာလောကော ဥဒပါဒိ။

မြန်မာပြန်

ရဟန်းတို့...ငါဘုရားရှင်သည် “ထိုဒုက္ခချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်ဖြစ်သည့် ‘ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယသစ္စာ (= မဂ္ဂအရိယသစ္စာ) တရား’ကို ပွားများပြီးပြီ”ဟု (ဘုရားမဖြစ်မီ) ရှေးအဖို့က မကြားစဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌ ငါဘုရားရှင်၏ သန္တာန်၌ (ပညာ)မျက်စိသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ အသိဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ကွဲကွဲပြားပြား သိတတ်သော ‘ပညာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော် မူခဲ့၏၊ ထိုးထွင်း၍ သိတတ်သော ‘ဝိဇ္ဇာ’ ဉာဏ်သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ ဉာဏ်အရောင်အလင်းသည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊ (ကတဉာဏ်)

ဘုရားအဖြစ် ဝန်ခံချိန်

အပိုဒ် ၂၁

ယာဝကီဝဉ္စ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ န သုဝိသုဒ္ဓံ အဟောသိ၊ နေဝ တာဝါဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ ပစ္စညာသိံ။

မြန်မာပြန်

ရဟန်းတို့...ဤ အရိယာတို့၏ အမှန်တရား ‘အရိယသစ္စာ’ လေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ်သေးသမျှ ကာလပတ်လုံး ငါဘုရားရှင်သည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော လူ့လောက၌ “အတုမရှိ မွန်မြတ်သော, (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင်မှန်စွာ ထွင်းဖောက်သိမြင်သည့် အရဟတ္တမဂ်ဉာဏ် (သဗ္ဗညုတဉာဏ်တော်မြတ်)ကို ထိုးထွင်းသိမြင်ပြီ (ရရှိပြီ)”ဟူ၍ ဝန်မခံခဲ့သေးချေ။

အပိုဒ် ၂၂

ယတော စ ခေါ မေ ဘိက္ခဝေ ဣမေသု စတူသု အရိယသစ္စေသု ဧဝံ တိပရိဝဋ္ဋံ ဒွါဒသာကာရံ ယထာဘူတံ ဉာဏဒဿနံ သုဝိသုဒ္ဓံ အဟောသိ၊ အထာဟံ ဘိက္ခဝေ သဒေဝကေ လောကေ သမာရကေ သဗြဟ္မကေ သဿမဏဗြာဟ္မဏိယာ ပဇာယ သဒေဝမနုဿာယ ‘အနုတ္တရံ သမ္မာသမ္ဗောဓိံ အဘိသမ္ဗုဒ္ဓေါ’တိ ပစ္စညာသိံ။

မြန်မာပြန်

ရဟန်းတို့...ဤ အရိယာတို့၏အမှန်တရား ‘အရိယသစ္စာ’ လေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်, တစ်ဆယ့်နှစ်ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသောအခါ၌သာလျှင် ငါဘုရားရှင်သည် နတ် မာရ်နတ် ဗြဟ္မာတို့နှင့် တကွသော နတ်လောကနှင့် သမဏ ဗြာဟ္မဏ မင်းများ လူများနှင့် တကွသော ဤလူ့လောက၌ “အတုမရှိ မွန်မြတ်သော, (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင်မှန်စွာ ထွင်းဖောက်သိမြင်သည့် အရဟတ္တမဂ်ဉာဏ် (သဗ္ဗညုတဉာဏ်တော်မြတ်)ကို ထိုးထွင်းသိမြင်ပြီ (ရရှိပြီ)”ဟူ၍ ဝန်ခံတော်မူခဲ့၏၊

အပိုဒ် ၂၃

ဉာဏဉ္စ ပန မေ ဒဿနံ ဥဒပါဒိ - ‘အကုပ္ပါ မေ ဝိမုတ္တိ၊ အယမန္တိမာ ဇာတိ၊ နတ္ထိဒါနိ ပုနဗ္ဘဝေါ’တိ။

မြန်မာပြန်

ငါဘုရားရှင်၏ ကိလေသာတို့မှ လွတ်မြောက်မှုသည် မပျက်စီးနိုင်ပြီ၊ ဤဘဝသည်ကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ပေါ်ရခြင်းသည် အလျှင်းမရှိတော့ပြီဟု ငါဘုရားရှင်အား ဉာဏ်အမြင် (ပစ္စဝေက္ခဏာဉာဏ်)သည်လည်း ထင်ရှားဖြစ်ပေါ်တော်မူခဲ့ပြီဟု မိန့်ကြားတော်မူ၏၊

အပိုဒ် ၂၄

ဣဒမဝေါစ ဘဂဝါ။ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။

မြန်မာပြန်

မြတ်စွာဘုရားသည် ဤတရားစကားတော်ကို မိန့်ကြားတော်မူလတ်သော် ပဉ္စဝဂ္ဂီရဟန်းတို့သည် နှစ်လိုကုန်သည် ဖြစ်၍ မြတ်စွာဘုရား၏ တရားစကားတော်ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်သတည်း။

အပိုဒ် ၂၅

ဣမသ္မိဉ္စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ အာယသ္မတော ကောဏ္ဍညဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ - “ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံ တံ နိရောဓဓမ္မ”န္တိ။

မြန်မာပြန်

ဤဂါထာမဖက် သက်သက်သော ဒေသနာတော်ကို ဟောကြားတော်မူလတ်သော် အရှင်ကောဏ္ဍညအား “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်းသဘော ရှိ၏”ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ ‘သောတာပတ္တိမဂ်ဉာဏ်’သည် ထင်ရှားဖြစ်ပေါ်တော်မူခဲ့၏၊

နတ်ဗြဟ္မာတို့ ကြွေးကြော်ကြခြင်း

အပိုဒ် ၂၆

ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ .. ဘုမ္မာ ဒေဝါ သဒ္ဒမနုဿာဝေသုံ - “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ”န္တိ။

မြန်မာပြန်

မြတ်စွာဘုရားသည် ဓမ္မစကြာတရားဒေသနာတော်ကို ဟောကြားတော်မူလတ်သော် .. “ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောအတွင်းဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော, အတုမရှိ မွန်မြတ်သော ဤဓမ္မစကြာတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဟောကြားတော် မူအပ်လေပြီ”ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြကုန်၏၊

အပိုဒ် ၂၇

ဘုမ္မာနံ ဒေဝါနံ သဒ္ဒံ သုတွာ .. စာတုမဟာရာဇိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ။ပ။ စာတုမဟာရာဇိကာနံ ဒေဝါနံ သဒ္ဒံ သုတွာ ..

တာဝတိံသာ ဒေဝါ။ပ။

ယာမာ ဒေဝါ။ပ။

တုသိတာ ဒေဝါ။ပ။

နိမ္မာနရတီ ဒေဝါ။ပ။

ပရနိမ္မိတဝသဝတ္တီ ဒေဝါ။ပ။

ဗြဟ္မကာယိကာ ဒေဝါ သဒ္ဒမနုဿာဝေသုံ “ဧတံ ဘဂဝတာ ဗာရာဏသိယံ ဣသိပတနေ မိဂဒါယေ အနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ၊ အပ္ပဋိဝတ္တိယံ သမဏေန ဝါ ဗြာဟ္မဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ ဗြဟ္မုနာ ဝါ ကေနစိ ဝါ လောကသ္မိ”န္တိ။

မြန်မာပြန်

ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြားကြရ၍ စာတုမဟာရာဇ်နတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြပြန်ကုန်၏၊ပ။ စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြားကြရ၍ ..

တာဝတိံသာနတ်။ပ။

ယာမာနတ်။ပ။

တုသိတာနတ်။ပ။

နိမ္မာနရတိနတ်။ပ။

ပရနိမ္မိတဝသဝတ္တိနတ်။ပ။

ဗြဟ္မာ့ပြည်၌ ဖြစ်သော ဗြဟ္မာတို့သည် “ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောဝယ် လောက၌ ရဟန်း ပုဏ္ဏား နတ် မာရ်နတ် ဗြဟ္မာ တစ်စုံတစ်ယောက်မျှ မဟောနိုင်သော, အတုမရှိ မွန်မြတ်သော ဤဓမ္မစကြာတရား ဒေသနာတော်ကို မြတ်စွာဘုရားသည် ဟောကြားတော် မူအပ်လေပြီ”ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့် ကြွေးကြော်ကြပြန်ကုန်၏၊

အပိုဒ် ၂၈

ဣတိဟ တေန ခဏေန တေန လယေန တေန မုဟုတ္တေန ယာဝ ဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ။ အယဉ္စ ဒသသဟဿိလောကဓာတု သင်္ကမ္ပိ သမ္ပကမ္ပိ သမ္ပဝေဓိ၊ အပ္ပမာဏော စ ဥဠာရော ဩဘာသော လောကေ ပါတုရဟောသိ အတိက္ကမ္မ ဒေဝါနံ ဒေဝါနုဘာဝန္တိ။

မြန်မာပြန်

ဤသို့လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် (အကနိဋ္ဌ) ဗြဟ္မာ့ပြည်တိုင်အောင် ကောင်းချီးပေးသံသည် ပျံ့နှံ့၍ တက်ရောက်သွားလေ၏၊ ဤတစ်သောင်းသော လောကဓာတ်သည်လည်း တုန်လှုပ်၏၊ ပြင်းစွာ တုန်လှုပ်၏၊ ထက်ဝန်းကျင် တုန်လှုပ်၏၊ အတိုင်းအရှည် မရှိ ကြီးမားသော အရောင်အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှားဖြစ်ပေါ်ခဲ့လေ၏၊

အပိုဒ် ၂၉

အထ ခေါ ဘဂဝါ ဣမံ ဥဒါနံ ဥဒါနေသိ - “အညာသိ ဝတ ဘော ကောဏ္ဍညော၊ အညာသိ ဝတ ဘော ကောဏ္ဍညော”တိ၊ ဣတိ ဟိဒံ အာယသ္မတော ကောဏ္ဍညဿ ‘အညာသိ ကောဏ္ဍညော’တွေဝ နာမံ အဟောသိ။

မြန်မာပြန်

ထိုအခါ မြတ်စွာဘုရားသည် “ရဟန်းတို့...ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား၊ ရဟန်းတို့...ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား”ဟု ဝမ်းမြောက်ဝမ်းသာ ဥဒါန်းစကားတော်ကို ကျူးရင့်တော်မူလေ၏၊ ဤသို့ ဥဒါန်းကျူးရင့်တော်မူသောကြောင့်ပင်လျှင် အရှင်ကောဏ္ဍညအား “အညာသိ ကောဏ္ဍည” ဟူ၍သာလျှင် အမည်တွင်လေ၏၊

အပိုဒ် ၃၀

အထ ခေါ အာယသ္မာ အညာသိကောဏ္ဍညော ဒိဋ္ဌဓမ္မော ပတ္တဓမ္မော ဝိဒိတဓမ္မော ပရိယောဂါဠှဓမ္မော တိဏ္ဏဝိစိကိစ္ဆော ဝိဂတကထံကထော ဝေသာရဇ္ဇပ္ပတ္တော အပရပ္ပစ္စယော သတ္ထုသာသနေ ဘဂဝန္တံ ဧတဒဝေါစ - “လဘေယျာဟံ ဘန္တေ ဘဂဝတော သန္တိကေ ပဗ္ဗဇ္ဇံ၊ လဘေယျံ ဥပသမ္ပဒ”န္တိ။

မြန်မာပြန်

ထို့နောက် အရှင်အညာသိကောဏ္ဍညသည် သစ္စာလေးပါးတရားကို ဉာဏ်ဖြင့် မြင်ပြီးသည်ဖြစ်၍, သစ္စာလေးပါး တရားသို့ ဉာဏ်ဖြင့် ဆိုက်ရောက်ပြီးသည်ဖြစ်၍, သစ္စာလေးပါးတရားကို ဉာဏ်ဖြင့် သိပြီးသည်ဖြစ်၍, သစ္စာလေးပါး တရားသို့ ဉာဏ်ဖြင့် သက်ဝင်ပြီးသည်ဖြစ်၍, ယုံမှားခြင်းကို ကူးမြောက်ပြီးသည်ဖြစ်၍, သို့လောသို့လော (တွေးတောခြင်း) ကင်းပြီးသည်ဖြစ်၍, မြတ်စွာဘုရားရှင်၏သာသနာတော်၌ သစ္စာလေးပါးကို သိခြင်း၌ ရဲရင့်ခြင်းသို့ ရောက်ရှိပြီးသည် ဖြစ်၍, ဘုရားရှင်မှတစ်ပါး ကိုးစားထိုက်သူ မရှိသည်ဖြစ်၍ မြတ်စွာဘုရားကို “အရှင်ဘုရား... တပည့်တော်သည် မြတ်စွာဘုရားရှင်၏ ထံတော်မှောက်၌ ရှင်အဖြစ်ကို ရလိုပါ၏၊ ရဟန်းအဖြစ်ကို ရလိုပါ၏”ဟု လျှောက်ထားတော် မူလေ၏၊

အပိုဒ် ၃၁

“ဧဟိ ဘိက္ခူ”တိ ဘဂဝါ အဝေါစ - “သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မစရိယံ သမ္မာ ဒုက္ခဿ အန္တကိရိယာယာ”တိ။ သာဝ တဿ အာယသ္မတော ဥပသမ္ပဒါ အဟောသီတိ။

မြန်မာပြန်

“ရဟန်း... လာလော့” “တရားတော်ကို ကောင်းစွာ ဟောကြားအပ်ပြီ၊ သံသရာဝဋ်ဆင်းရဲ၏အဆုံးကို ပြုခြင်းငှာ မြတ်သော အကျင့်ကို ကောင်းစွာ ကျင့်လော့”ဟု မြတ်စွာဘုရားသည် မိန့်ကြားတော်မူ၏၊ ထိုကဲ့သို့ မိန့်ကြားတော်မူသော စကားတော်သည်ပင်လျှင် ထိုအရှင်အညာသိကောဏ္ဍည၏ ရဟန်းပဉ္စင်းအဖြစ်သည် ပြီးစီးပြီး ဖြစ်လေတော့၏၊

ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ နိဋ္ဌိတံ။

မြန်မာပြန်

ဓမ္မစက္ကပ္ပဝတ္တနသုတ္တန်သည် ပြီးဆုံးတော်မူပြီ။

နောက်ခံ လေ့လာရန်

ဓမ္မစကြာသုတ်

ဓမ္မစကြာသုတ်(ပါဠိ: ဓမ္မစက္ကပဝတ္တနသုတ္တ; Dhammacakkappavattana Sutta)သည် မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဦးဦးဖျားဖျား ဟောကြားတော်မူသော တရားဒေသနာတော်ဖြစ်ပေသည်။ ဤ ဓမ္မစကြာသုတ္တန်ကို ဂေါတမမြတ်စွာဘုရား တစ်ပါးတည်းသာ ဦးဦးဖျားဖျား ဟောကြားတော်မူခဲ့သည်မဟုတ်ဘဲ ရှေး၌ပွင့်ခဲ့ကြသော ဘုရားရှင်များသည်လည်း ဤဓမ္မစကြာသုတ္တန်ကိုပင် ဦးဦးဖျားဖျား ဟောကြားတော်မူခဲ့ကြသည်။ သို့ဖြစ်၍ ဤဓမ္မစကြာသုတ္တန်ကို " တရားဦး" ဟူ၍ ဗုဒ္ဓဘာသာဝင်တို့က သတ်မှတ်ကြသည်။

ဓမ္မစကြာသုတ်သည် ဗုဒ္ဓဘာသာရပ်ဝန်းတွင် တရားဦးဖြစ်သည့်အပြင် အထင်ကရရှိသော သုတ်တစ်ခုဖြစ်သောကြောင့် ဤသုတ်ပါဠိကို နိဿယနည်း၊ အမေးအဖြေပုံစံ၊ ဘာသာပြန်၊ အကျယ်ဖွင့်ဆိုခြင်း စသည့်နည်းလမ်းများဖြင့် မြန်မာဘာသာနှင့် ရေးသားသော စာအုပ်စာပေများစွာရှိသည်။ ထို့အပြင် နိုင်ငံခြားဘာသာစကားများ(အထူးသဖြင့် အင်္ဂလိပ်ဘာသာစကား)သို့ ဤဓမ္မစကြာသုတ်ကို ဘာသာပြန်ခြင်း၊ ဝေဖန်သုံးသပ်ခြင်း စသောနည်းလမ်းများဖြင့် ရဟန်းလူ ပညာရှိပညာတတ်များက ခေတ်အဆက်ဆက်တွင် ရေးသားခဲ့ကြသည်။ မူရင်းသုတ်ကိုပင် ဖွင့်၍ရှင်းလင်းသော အဋ္ဌကထာ၊ ဋီကာကျမ်းများလည်း များစွာရှိ၏။

နောက်ခံအကြောင်း

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက် မြတ်ဗုဒ္ဓ၏ ပထမဆုံးလုပ်ဆောင်မှုသည် လောကီဈာန်နည်းနာကို သင်ကြားပေးခဲ့ကြသည့် အာဠာရ နှင့် ဥဒက ရသေ့ကြီးနှစ်ဦးနှင့် ပတ်သက်၍နေသည်။ ထိုရသေ့နှစ်ပါးကို ဉာဏ်တော်ဖြင့် ကြည့်ရှုသောအခါ ပထမရသေ့ကြီး၏ ခန္ဓာကိုယ် ချုပ်ငြိမ်းသည်မှာ ခုနစ်ရက်ရှိ၍၊ ဒုတိယရသေ့ကြီး ကွယ်လွန်အနိစ္စရောက်သည်မှာ နာရီပိုင်းရှိကြောင်း သိမြင်ခဲ့၏။ ထိုရသေ့ကြီးများ မရှိတော့သည့်အတွက် ဆက်လက်၍ ပဉ္စဝဂ္ဂီငါးဦး (panca vaggiya) ထံသို့သွားရောက် တရားပြရန် ဖြစ်လာသည်။ ထို့ကြောင့် ပဉ္စဝဂ္ဂီတို့ရှိသော ဗာရာဏသီ၊ ဣသိပတနမိဂဒါဝုန်တောသို့ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ဝါဆိုလပြည့်နေ့ ညနေချမ်းတွင် ရောက်ရှိသည်။ ပဉ္စဝဂ္ဂီတို့က ဘုရားရှင်ကြွလာသည်ကို အဝေးမှမြင်သောအခါ

"ငါ့ရှင်တို့... ဤရဟန်းဂေါတမသည် လာနေပြီ။ ထိုရဟန်းကြီးဂေါတမသည် ကမ္မဋ္ဌာန်းအလုပ်မှ လျောကျသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန် ကျင့်ကြံသူဖြစ်၏။ ပစ္စည်းလေးပါးပေါများရန်အတွက်လည်း ဆောင့်သွားသူဖြစ်၏။ ထိုရဟန်းကြီး ဂေါတမကို ရှိမခိုးကြစတမ်း၊ ခရီးဦးကြို မပြုကြစတမ်း၊ သပိတ်၊ သင်္ကန်းလှမ်း၍ မယူကြစတမ်း၊ သို့သော် ရဟန်းကြီးဂေါတမ ထိုင်လိုလျှင်ထိုင်ရအောင် နေရာကိုမူကား ခင်းထားကြမည်။

ဟူ၍ အချင်းချင်း ဤသို့ပြောကြသည်။ ဘုရားရှင်က ၎င်းတို့၏ စိတ်အကြံကိုသိတော်မူ၍ ဩဓိဿကမေတ္တာကို ပွားရာ အနီးသို့ရောက်လျှင် ထိုမေတ္တာအာနုဘော်ရိုက်ခတ်မှုကြောင့် အချင်းချင်းထားခဲ့ကြသော ကတိမတည်နိုင်ဘဲ ခရီးဦးကြိုပြုခြင်း၊ သပိတ်သင်္ကန်းလှမ်း၍ ယူခြင်းများပြုကြသည်။ ခင်းထားသောနေရာသို့ရောက်သောအခါ ဘုရားရှင်သည် ထိုင်ပြီးလျှင် ခြေတော်ကို ဆေးကြောသည်။ ပဉ္စဝဂ္ဂီတို့က ကာယကံဖြင့် အရိုအသေပြုကြသော်လည်းတိပိဋကဆရာတော် ဦးဝိစိတ္တဿရာဘိဝံသ (၂၀၀၁)။ နိုင်ငံတော် သာသန မဟာဗုဒ္ဓဝင် (ဒုတိယတွဲ)၊ ဒဿမအကြိမ်။ သာသနာရေးဦးစီးဌာန။ pp.၄၂၂-၄၂၄။</ref> ဝစီကံအနေဖြင့် ယခုလာသော ဂေါတမကို ဗုဒ္ဓ(ဘုရား)မဖြစ်သေးဟု မှတ်ယူ၍ ငါ့ရှင် ဂေါတမ ဟူသောအသုံးနှုန်းဖြင့်စတင်၍ ဤသို့ဆိုသည်။

ငါ့ရှင် ဂေါတမ... ဥရုဝေလာတောမှာ တရားအားထုတ်နေစဉ် ကျုပ်တို့က ငါ့ရှင်ရဲ့ သပိတ်၊ သင်္ကန်းကို ယူကာ ဟိုဟိုသည်သည် လှည့်လည်ခဲ့ကြတယ်၊ မျက်နှာသစ်ရေ၊ ဒန်ပူတွေလည်း ပေးခဲ့ကြတယ်၊ တံမြက်စည်းလှည်းပေးခဲ့ကြတယ်။ ...ကျုပ်တို့ခွဲခွာသွားလို့ စိတ်မှာ ဟိုတွေးဒီတွေးမတွေးဘူးလား။ (ပဉ္စဝဂ္ဂီ)

ဘိက္ခုတို့ ... ငါ့ကို ဂေါတမလို့ နာမည်မခေါ်ကြနဲ့တော့။ အခုဆို ငါသည် ဗုဒ္ဓ ဖြစ်ခဲ့ပြီ။ အမတ( နိဗ္ဗာန်) တရားကို ငါသိခဲ့ပြီ။ နားထောင်ကြ ငါ တရားဟောပြမည်။ ထိုတရားအတိုင်းကျင့်ပါက မြတ်သောတရားကို သင်တို့လည်း သိမြင်ကြလိမ့်မည်။ (ဗုဒ္ဓ)

ထိုအခါ ပဉ္စဝဂ္ဂီတို့က ယခင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ကျင့်ကြံတုန်းက ဘုရားမဖြစ်ဘဲ ယခုလို ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလည် သည်လည် လုပ်၍ အစားအစာမှီဝဲမှသာ ဘုရားအဖြစ်ရောက်ခဲ့သည်ဆိုသည်ကို မယုံနိုင်ခဲ့ပေ။ ထိုအခါ ဗုဒ္ဓက ငါသည် ကမ္မဋ္ဌာန်းမှထွက်ပြီး ဟိုလည် သည်လည် လုပ်နေသည်မဟုတ်၊ ဗုဒ္ဓအဖြစ်သို့ ရောက်နေပြီးဖြစ်သည့်အတွက် တရားနားထောင်ရန် ဆိုသည်။ ဤသို့ဖြင့် သုံးကြိမ် အပြန်အလှန်ပြောဆိုနေခဲ့ကြသည်။

ထို့နောက် ဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား ယခင်က " ကျွန်ုပ်သည် ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခဲ့ပြီ ဟု ကြေညာပြောဆိုခဲ့ပါသလား" ဟု မေးသော် ပဉ္စဝဂ္ဂီတို့က ထိုသို့ပြောဆိုခြင်းမရှိကြောင်း ဖြေကြားခဲ့လေသည်။ ထိုအခါ ပဉ္စဝဂ္ဂီတို့က ပြန်လည်စဉ်းစားကြ၍ ဘုရားမဖြစ်သေးဘဲ ဘုရားဖြစ်သည်ဟု ယခင်က မပြောကြားခဲ့ဘဲ ယခုမှသာ ပြောဆိုသည့်အတွက် ဧကန်ဗုဒ္ဓဖြစ်ပြီ ဟု နားလည်သဘောပေါက်လာခဲ့ကြသည်။

ထို့နောက် ဗုဒ္ဓဘုရားရှင်က ပဉ္စဝဂ္ဂီတို့အား တစ်ညလုံး ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့ရာ အာရုံတက်သို့ရောက်၍ တရားပြီးစီးလျှင် အရှင်ကောဏ္ဍညသည် တရားကို သိမြင်နားလည်၍ သောတာပန်တည်ခဲ့သည်။ လူသားအနေဖြင့် အရှင်ကောဏ္ဍညတစ်ပါးသာ သောတာပန်တည်သော်လည်း နတ်ဗြဟ္မာပေါင်း တစ်ဆယ့်ရှစ်ကုဋေတို့သည်လည်း သောတာပန်တည်ခဲ့သည် ဟု ထေရဝါဒပိဋကတ်စာပေများတွင် ဖော်ပြပါရှိသည်။

"အညာသိ ဝတ ဘော ကောဏ္ဍညော ... အညာသိ ဝတ ဘော ကောဏ္ဍညော ...

(အို ... ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်လေပြီတကား ... ကောဏ္ဍညသည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင်လေပြီတကား" — ဗုဒ္ဓ၏ ဥဒါန်းကျူးရင့်ခြင်း

ထို့သို့ သောတာပန်တည်ပြီးနောက် အရှင်ကောဏ္ဍညသည် ဘုရားရှင်ထံ သာမဏေအဖြစ်၊ ဘိက္ခုအဖြစ် ရရှိစေရန် ခွင့်တောင်းသော် ဘုရားရှင်က "ဧဟိ ဘိက္ခု၊ သွာက္ခာတော ဓမ္မော၊ စရ ဗြဟ္မာစရိယံ၊ သမ္မော ဒုက္ခဿ အန္တကိရိယာယ" (ရဟန်း လာလော့၊ သင်ချစ်သားတောင်းခံအပ်သော ရှင်ရဟန်းအဖြစ် ခံယူလော့၊ တရားတော်ကို ငါဘုရား ကောင်းစွာဟောကြားအပ်ပြီ၊ သင်သည် ဝဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှာ အထက်မဂ်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို ကျင့်ကြံကြိုးကုတ် ရအောင်အားထုတ်လော့) ဟူ၍ ဘုရားရှင်က မိန့်ကြားခဲ့သည်။ ဘုရားရှင်၏ "ဧဟိ ဘိက္ခု" ဟူသော ပုဒ်ကို ရွတ်ဆိုလိုက်သည်နှင့် အရှင်ကောဏ္ဍညသည် ဆံရိတ်ပြီး၊ သင်္ကန်းဝတ်ရုံပြီးဖြစ်လေသည်။[၉]

ထို့နောက် ဝါဆိုလပြည့်ကျော်တစ်ရက်တွင် ဘုရားရှင်သည် ဣသိပတနမိဂဒဝုန်တွင်ပင် ဝါကပ်ကာ ဆွမ်းခံမထွက်ဘဲ ဝပ္ပမထေရ်ကို အဆုံးအမပေးသောကြောင့် ဝပ္ပမထေရ်သည် ထိုနေ့နံနက်ခင်းတွင် သောတာပန်တည်သည်။ ထိုနည်းတူ ဝါဆိုလပြည့်ကျော် ၂၊ ၃၊ ၄ ရက်များတွင် တစ်ပါးဆီကို အဆုံးအမတရားပေးရာ လပြည့်ကျော် နှစ်ရက်တွင် အရှင်ဘဒ္ဒိယ၊ သုံးရက်တွင် အရှင်မဟာနာမ၊ လေးရက်တွင် အရှင်အဿဇိ တို့အသီးသီး သောတာပန်တည်ခဲ့လေသည်။ ဝါဆိုလပြည့်ကျော်ငါးရက်သို့ ရောက်ရှိသောအခါ ဘိက္ခုရဟန်းငါးပါးစလုံး သောတာပန်တည်ပြီးသည်ဖြစ်၍ ထိုနေ့တွင် အနတ္တလက္ခဏသုတ် ကို ဟောကြားရာ ရဟန်းငါးပါးစလုံး ရဟန္တာအဖြစ်သို့ ရောက်ရှိခဲ့ကြသည်။

သစ္စာလေးပါး

ဤသုတ္တန်ဒေသနာ၏ အစပိုင်း၌ ပဉ္စဝဂ္ဂီငါးဦးတို့၏ အယူမှားကို ပယ်ဖျက်ပြီးလျှင်၊ တရားစစ်၏အခြေခံ သစ္စာလေးပါးကို အကျယ်ရှင်းလင်းဟောပြတော်မူ၏။ ထိုသစ္စာလေးပါးမှာ ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ၊ ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ၊ ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော မဂ္ဂသစ္စာဟူသော ဤလေးပါးတည်း။ ဤ သစ္စာလေးပါးတရားကိုပင် အရမ်းမဲ့ ယုံကြည်စရာအရာမဟုတ်၊ လက်တွေ့မျက်မှောက် ပြုရမည့်တရားများဖြစ်ကြောင်းကို မှတ်သားရပေမည်။

ဤသစ္စာလေးပါးတရား၌ ဆင်းရဲကို အရင်းခံထား၍ ဟောကြားသော်လည်း၊ ဆင်းရဲမှ လွတ်မြောက်ရာကိုလည်း ဟောပြလျက်ရှိ၏။ ဆင်းရဲကို မည်သူမျှအလိုမရှိ၊ ချမ်းသာကိုသာ လိုချင်ကြ၏။ သို့ရာတွင် လူအမျိုးမျိုး၊ နတ်အထွေထွေရှိနေကြသဖြင့်၊ တစ်ဦးအား ချမ်းသာဖြစ်သောအရာသည် အခြားတစ်ဦးအား ချမ်းသာဖြစ်လိမ့်မည်ဟု မုချဆိုနိုင်မည် မဟုတ်ချေ။ သို့ဖြစ်၍ မိမိလိုလားတိုင်းသော ချမ်းသာဟူသမျှ ပြည့်စုံနိုင်မည့် နိစ္စထာဝရဖြစ်သည့် ကောင်းကင်ဘုံမျိုး မရှိနိုင်။

ခံစားမှုဝေဒနာ စွဲ၍ဖြစ်သော ချမ်းသာမျိုးသည် တည်မြဲသောချမ်းသာမျိုး မဟုတ်ချေ။ ခံစားမှုနှင့်စပ်သော ချမ်းသာမျိုး၏ မမြဲပုံမှာ ကျွန်ုပ်တို့၏ ကိုယ်တွေ့ပင်ဖြစ်၍၊ ထင်ရှားလှ၏။ ရှင်တော်ဘုရား၏ တရားတော်အလို နိဗ္ဗာန်ချမ်းသာဟူသည် ဒုက္ခအားလုံး အကြွင်းမဲ့ချုပ်ငြိမ်းမှု သန္တိကို စွဲ၍ဖြစ်သော အေးငြိမ်းမှု ဟူသော ချမ်းသာမြဲပင် ဖြစ်လေသည်။

ဒုတိယဖြစ်သော သမုဒယသစ္စာ၌ ဝေဖန်ပြသော " ပေါနော ဝိကာ"ဟူသော စကားအရ၊ တဖန်ဘဝသစ်ကို ပေးတတ်၏ ဟု အဓိပ္ပာယ်ကျရာ၊ သတ္တဝါတို့အား နောင်ဘဝရှိကြောင်း ဘုရားဝန်ခံတော်မူသည်။ ထိုစကားရပ်ဖြင့် နောက်ဘဝမရှိသူဟု ယူ လေ့ရှိကြသူ ဥစ္ဆေဒဝါဒသမားတို့အား ယင်းတို့၏ အယူမှားကြောင်းကို ဖြေကြားရာရောက်သည်ကိုလည်း၊ အထူးသတိပြု သင့်ပေသည်။

ဤသုတ္တန်ဒေသနာ၏ အလယ်ပိုင်း၌ ရှေးကမကြားစဖူးသော တရားထူးတို့၌ ဉာဏ်အလင်း ဖြစ်ပေါ်လာကြောင်း ဟောတော်မူ၏။ ထို့အတူပင် ထိုသစ္စာတို့နှင့် စပ်လျဉ်း၍ သစ္စဉာဏ်၊ ကိစ္စဉာဏ်၊ ကတဉာဏ် သုံးပါးဖြစ်ပုံနှင့် တစ်ဆယ့်နှစ်ပါးသော အခြင်းအရာတို့ကို အကျယ်ခွဲခြားပြတော်မူသည်။

သစ္စာလေးပါးတို့တွင်

  • ဒုက္ခသစ္စာကို ပိုင်းခြားသိရမည်။
  • သမုဒယသစ္စာကို ပယ်ပစ်ရမည်။
  • နိရောဓသစ္စာကို မျက်မှောက်ပြုရမည်။
  • မဂ္ဂသစ္စာကို ပွားများရမည်။

ဤသစ္စာလေးပါးနှင့် စပ်လျဉ်း၍၊ ရှင်းရှင်းလင်းလင်း အသိဉာဏ် မဖြစ်ပေါ်သေးသမျှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိကြောင်း လောက၌ ပြောပြတော်မမူ။ သစ္စာလေးပါးကို ရှင်းရှင်းလင်းလင်း ပြည့်ပြည့်စုံစုံ သိမြင်တော်မူသော အခါကျမှ၊ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူကြောင်း ဟောပြတော်မူ၏ ဟု သုတ္တန်အဆုံး၌ မိန့်တော်မူ၏။

"ဤကား ငါ၏အဆုံးစွန်သော ဘဝတည်း၊ နောင်တစ်ဖန်ဖြစ်ပေါ်ခြင်းမရှိ" ဟု အဆုံးသတ်ဘဝအဖြစ်ကို ထင်ရှားစွာ ပြတော်မူပြီးလျှင်၊ ဤတရားဦးဒေသနာတော်ကို ပြီးဆုံးစေတော်မူ၏။

ဒေသနာတော်၏ အဆုံး၌ အရှင်ကောဏ္ဍညမထေရ်သည် ရှေးဦးစွာ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ၊ သောတာပန် ဖြစ်လေသည်။ တရားအလင်းရောင်၏ အကြည်ဓာတ်ကို ခံယူရန် လာရောက်ကြသော ထောင်သောင်းမက များပြားလှစွာသော နတ်ဗြဟ္မာတို့သည် ကောင်းချီးအနုမောဒနာ သာဓုခေါ်ဆိုကြလေကုန်သတည်း။

မှတ်ချက်

အရှင်အညာသိကောဏ္ဍညမထေရ်နှင့် အတူတကွ (၁၈)ကုဋေကုန်သော ဗြဟ္မာတို့သည် အရိယသစ္စာလေးပါးတို့ကို ထိုးထွင်းသိမြင်ကာ သောတာပတ္တိဖိုလ်၌ တည်ကြကုန်၏၊ နတ်တို့ကား အသင်္ချေနှင့်ချီ၍ ကျွတ်တန်း ဝင်ကြလေသည်။ ဤအရာ၌ အရှင်အညာသိကောဏ္ဍညမထေရ်မြတ် ထိုးထွင်းသိမြင်သွားတော်မူသော အရိယသစ္စာ လေးပါးနှင့် နတ်ဗြဟ္မာတို့ ထိုးထွင်းသိမြင်အပ်သော အရိယသစ္စာလေးပါးတို့ကား တူညီလျက်ရှိသည်ကို သတိပြုသင့်လှပေသည်။ အရိယသစ္စာလေးပါးအကြောင်းကို အကျဉ်းချုပ်ကာ ဆက်လက်ရှင်းလင်းတင်ပြပေအံ့ ..။

စာပိုဒ်အမှတ်စဉ်များ---- ဤ၌ စာပိုဒ်အမှတ်စဉ် ဂဏန်းများကို ဖော်ပြထား၏၊ မြန်မာဘာသာပြန် စာပိုဒ်အမှတ် (၁)သည် ပါဠိစာပိုဒ်အမှတ် (၁)၏ ဘာသာပြန်ဖြစ်သည်။ တစ်ဖန် မြန်မာဘာသာပြန် စာပိုဒ်အမှတ် (၂)သည် ပါဠိစာပိုဒ်အမှတ် (၂)၏ ဘာသာပြန်ဖြစ်သည်၊ ဤသို့စသည်ဖြင့် သဘောပေါက်ပါ။

(သံ၊၃၊၃၆၈-၃၇၁။ ဝိနည်းမဟာဝါ၊၁၄-၁၇။)

အညာသိကောဏ္ဍညတ္ထေရော အဋ္ဌာရသဟိ ဗြဟ္မကောဋီဟိ သဒ္ဓိံ သောတာပတ္တိဖလေ ပတိဋ္ဌာတိ။ (သံ၊ဋ္ဌ၊၃၊၃၂၇။)

ဆဋ္ဌသင်္ဂါယနာ ပါဠိတော်နှင့် တိုက်ဆိုင်ချက်

ဤစာမျက်နှာရှိ ပါဠိကို ဆဋ္ဌသင်္ဂါယနာ ပါဠိတော် ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ (သံယုတ္တနိကာယော၊ မဟာဝဂ္ဂေါ၊ သစ္စသံယုတ္တံ)၊ ပဉ္စဝဂ္ဂိယကထာ (ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ၊ မဟာခန္ဓကော) နှင့် တိုက်ဆိုင်စစ်ဆေးထားသည်။ ဒုက္ခါ / ဒုက္ခာ ကဲ့သို့ အာ သရ ရေးထုံး ကွဲပြားမှု၊ ပုဒ်ဖြတ်နှင့် စာပိုဒ်နံပါတ်တို့ကို ထည့်မတွက်ပါ။ ကွဲလွဲချက်များမှာ —

စာလုံးပေါင်း အမှားများကို ပြင်ဆင်ထားပြီး အောက်ခြေ မူရင်းအပိုင်းတွင် ဖော်ပြထားသည်။

မူရင်း: ဝီကီရင်းမြစ် (my.wikisource.org) — နိဗ္ဗာန်သို့ သွားရာ တစ်ကြောင်းတည်းသောလမ်း/ဓမ္မစက္ကပ္ပဝတ္တနသုတ္တန် (ရေးသားသူ — ဖားအောက်တောရဆရာတော်) · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

မူရင်း: Vipassana Research Institute (tipitaka.org) — ဓမ္မစက္ကပ္ပဝတ္တနသုတ္တံ (သံယုတ္တနိကာယော၊ မဟာဝဂ္ဂေါ၊ သစ္စသံယုတ္တံ) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့

မူရင်း: Vipassana Research Institute (tipitaka.org) — ပဉ္စဝဂ္ဂိယကထာ (ဝိနယပိဋကေ မဟာဝဂ္ဂပါဠိ၊ မဟာခန္ဓကော) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဓမ္မစကြာသုတ္တန် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

နောက်ခံ လေ့လာရန် အပိုင်းသည် ဝီကီပီးဒီးယား စာမျက်နှာမှ အပိုင်းအချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။ စာသား ပြင်ဆင်ချက် — အဋ္ဌင်္ဂီကော → အဋ္ဌင်္ဂိကော (အပိုဒ် ၃၊ ပါဠိ)၊ အဋ္ဌင်္ဂီကော → အဋ္ဌင်္ဂိကော (အပိုဒ် ၈၊ ပါဠိ)။ ဤမှအပ စာသားကို မပြင်ထားပါ။