ဝဋ္ဋသုတ်
အပိုဒ် ၁
ပူရေန္တံ ဗောဓိသမ္ဘာရေ၊
နိဗ္ဗတ္တံ ဝဋ္ဋဇာတိယံ။
ယဿ တေဇေန ဒါဝဂ္ဂိ၊
မဟာသတ္တံ ဝိဝဇ္ဇယိ။
အသံထွက်
ပူရင်တံ ဗောဓိသမ်ဘာရေ
နိတ်ဗတ်တံ-ဝတ်တ-ဇာတိယံ
ယတ်သ တေဇေန ဒါဝက်ဂိ
မဟာသတ်တံ ဝိဝစ်ဇယိ
မြန်မာပြန်
သဗ္ဗညုတဉာဏ်ကို ရရှိခြင်း၏ အခြေခံဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်သော ဘုရားအလောင်းသည် နုစဉ်ဘဝက ငုံးငှက်မျိုး၌ ဖြစ်ရလေသည်။
ငုံးငယ်ကို ဤပရိတ်တော်၏ တန်ခိုးကြောင့် တောမီးကွင်းရလေ၏။
အပိုဒ် ၂
ထေရဿ သာရိပုတ္တဿ၊
လောကနာထေန ဘာသိတံ။
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊
ပရိတ္တံ တံ ဘဏာမ ဟေ။
အသံထွက်
ထေရတ်သ သာရိပုတ်တတ်သ
လောကနာထေန ဘာသိတံ
ကပ်ပထာယိမ် မဟာတေဇံ
ပရိတ်တံ တံ ဘဏာမ ဟေ
မြန်မာပြန်
ဤပရိတ်တော်ကို အရှင်သာရိပုတ္တရာအား မြတ်စွာဘုရား ဟောတော်မူခဲ့၏။ ဤပရိတ်တော်သည် ကမ္ဘာတည်လိမ့်မည်။ တန်ခိုးလွန်စွာကြီး၏။
ယခုအခါ ထိုငုံးမင်းပရိတ်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆို ကြပါစို့။
အပိုဒ် ၃
အတ္ထိ လောကေ သီလဂုဏော၊
သစ္စံ သောစေယျ နုဒ္ဒယာ။
တေန သစ္စေန ကာဟာမိ၊
သစ္စကိရိယ မုတ္တမံ။
အသံထွက်
အတ်ထိလောကေ သီလ-ဂုဏော၊
သစ်စံ သောစေယ နုတ်ဒယာ
တေန သစ်စေန ကာဟာမိ
သစ်စ-ကိရိယ-မုတ်တမံ
မြန်မာပြန်
လောက၌ သီလ၏ဂုဏ်ကျေးဇူးသည် ရှိ၏။ မှန်ကန်သော သစ္စာစကားသည် ရှိ၏။ ကိုယ်ရေး နှုတ်ရေး စိတ်ရေး လုံးဝစင်ကြယ်ခြင်းသည် ရှိပေ၏။
သတ္တဝါတို့အား ကြင်နာသနားခြင်းသည် ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အတုမရှိသော သစ္စာပြုခြင်းကို ငါဘုရား နုစဉ်က ပြုခဲ့ဖူးလေပြီ။
အပိုဒ် ၄
အာဝဇ္ဇေတွာ ဓမ္မဗလံ၊
သရိတွာ ပုဗ္ဗကေ ဇိနေ။
သစ္စဗလ မဝဿာယ၊
သစ္စကိရိယ မကာသဟံ။
အသံထွက်
အာဝစ်ဇစ်တဝါ ဓမ်မဗလံ၊
သရိတ်တဝါ ပုတ်ဗကေ ဇိနေ
သစ်စ-ဗလ မဝတ်သာယ၊
သစ်စ-ကိရိယ မကာသဟံ
မြန်မာပြန်
သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးသောဘုရားရှင်တို့ကို အောက်မေ့သတိရပြီး သစ္စာ၏အစွမ်းကို အမှီပြု၍ သစ္စာပြုခဲ့ဖူးလေပြီ။
အပိုဒ် ၅
သန္တိ ပက္ခာ အပတနာ၊
သန္တိ ပါဒါ အဝဉ္စနာ။
မာတာ ပိတာ စ နိက္ခန္တာ၊
ဇာတဝေဒ ပဋိက္ကမ။
အသံထွက်
သန်တိပက်ခါ အ-ပတနာ၊
သန်တိပါဒါ အ-ဝင်စနာ
မာတာ ပိတာ စ နိတ်ခန်တာ
ဇာတ-ဝေဒ ပတိတ်ကမ
မြန်မာပြန်
အို တောမီး ငါ့မှာ အတောင်တို့ ရှိပါသော်လည်း မပျံနိုင်သေးပါ၊ ငါ့မှာ ခြေတို့ ရှိပါသော်လည်း မသွားတတ်သေးပါ၊ ငါ၏ မိဘတို့သည်လည်း ငါ့ကိုထား၍ ထွက်သွားကြလေပြီ၊ အို တောမီး ငါ့ကို ဖဲကြဉ်ပါလော့။
အပိုဒ် ၆
သဟ သစ္စေ ကတေ မယှံ၊
မဟာပဇ္ဇလိတော သိခီ။
ဝဇ္ဇေသိ သောဠသကရီသာနိ၊
ဥဒကံ ပတွာ ယထာ သိခီ။
သစ္စေန မေ သမော နတ္ထိ၊
ဧသာ မေ သစ္စပါရမီ။
အသံထွက်
သဟ သစ်စေ ကတေ မယ်ယှံ၊
မဟာပစ်ဇလိတော သိခီ
ဝစ်ဇေသိ သောလသ-ကရီသာနိ
အုဒကံ ပတ်တဝါ-ယထာ သိခီ
သစ်စေန မေ သမော နတ်ထိ၊
အေသာ မေ သစ်စ-ပါရမီ
မြန်မာပြန်
ချစ်သားသာရိပုတ္တရာ ငါဘုရားအလောင်း ငုံးငယ်က သစ္စာပြုလိုက်သောအခါ သစ္စာပြုပြီးသည်နှင့် တပြိုင်နက် တောမီးသည် ရေသို့ရောက်၍ ဖဲကြဉ်ရသကဲ့
သို့ ငါ့ကို ဖဲကြဉ်လေ၏၊ အရှိန်အလျှံကြီးမားလှသော တောမီးသည် မင်းပယ် ၁၆-ပယ်စာခန့်မျှ ကွင်းလေ၏။ ချစ်သားသာရိပုတ္တရာ ငါ၏သစ္စာစကားနှင့်တူသော တရားမည်သည် မရှိချေ၊ ဤပါရမီကား ငါဘုရား၏ သစ္စာ ပါရမီပင် ဖြစ်တော့သည်။
မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဝဋ္ဋသုတ် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့
စာမျက်နှာပုံစံသာ ပြောင်းထားပြီး စာသားကို မပြင်ထားပါ။