မောရသုတ်

အပိုဒ် ၁

ပူရေန္တံ ဗောဓိသမ္ဘာရေ၊

နိဗ္ဗတ္တံ မောရယောနိယံ။

ယေန သံဝိဟိတာ ရက္ခံ၊

မဟာသတ္တံ ဝနေစရာ။

အသံထွက်

ပူရင်တံ ဗောဓိသမ်ဘာရေ

နိတ်ဗတ်တံ မောရ-ယောနိယံ

ယေန သံဝိဟိတာရက်ခံ

မဟာသတ်တံ ဝနေစရာ

မြန်မာပြန်

သဗ္ဗညုတ ဉာဏ်တော်၏ အခြေခံ အဆောက်အဦးဖြစ်သော ပါရမီတို့ကို ဖြည့်ကျင့်တော်မူစဉ်အခါ ဥဒေါင်းမျိုး၌ ဖြစ်တော်မူခိုက် ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤမောရပရိတ်ဖြင့် မိမိကိုယ်ကို ဘေးအန္တရာယ်ကင်းအောင် စီစဉ်ထားလေသည်။

အပိုဒ် ၂

စိရဿံ ဝါယမန္တာပိ၊

နေဝ သက္ခိံသု ဂဏှိတုံ။

ဗြဟ္မမန္တ န္တိ အက္ခာတံ၊

ပရိတ္တံ တံ ဘဏာမ ဟေ။

အသံထွက်

စိရတ်သံ ဝါယမန်တာပိ၊

နေဝ သက်ခိမ်သု ဂန်နှိတုံ

ဗြန်မ-မန်တန်တိ အက်ခါတံ

ပရိတ်တံ တံ ဘဏာမ ဟေ

မြန်မာပြန်

မုဆိုးတို့သည် ဘုရားအလောင်း ဥဒေါင်းမင်းကို ဖမ်းယူရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ကြသော်လည်း ဖမ်း၍မရနိုင်ကြကုန်။ ဤမောရပရိတ်ကို မြတ်သောမန္တရား ဟူ၍ပင် မြတ်စွာဘုရား ဟောကြားခဲ့၏။ ယခုအခါ ဤမောရ ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါကုန်စို့။

အပိုဒ် ၃

ဥဒေတယံ စက္ခုမာ ဧကရာဇာ၊

ဟရိဿ ဝဏ္ဏော ပထဝိပ္ပဘာသော။

တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ

ပထဝိပ္ပဘာသံ၊

တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ဒိဝသံ၊

အသံထွက်

အုဒေတယံ စက်ခုမာ အေက-ရာဇာ

ဟရိတ်သ-ဝဏ်ဏော ပထဝိတ်ပ,ဘာသော

တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ

ပထဝိပ်ပ, ဘာသံ

တယစ်ဇ ဂုတ်တာ ဝိဟရေမု ဒိဝသံ

မြန်မာပြန်

နေမင်းသည် လူတို့၏ မျက်စိသဖွယ်လည်း ဖြစ်၏။ ပြိုင်ဘက်ကင်းသော မင်းလည်းဖြစ်၏။ ရွှေ အဆင်းနှင့်တူသော အဆင်းလည်းရှိ၏။ မြေပြင်တခုလုံးကိုထွန်းပသော အလင်းရောင်လည်းရှိ၏။ ယခု ဤနေမင်းသည် တက်လတ်ပေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ထွန်းလင်းတောက်ပသော ဤနေမင်းကို ရှိခိုးပါ၏။ ရိုသေပါ၏။ ယနေ့တနေ့လုံး အသင်နေမင်း၏အစောင့်အရှောက်ကို ခံယူပြီး ကျွန်ုပ်နေပါအံ့။

အပိုဒ် ၄

ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊

တေ မေ နမော တေ စ မံ ပါလယန္တု။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊

နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ၊

ဣမံ သော ပရိတ္တံ ကတွာ၊

မောရော စရတိ ဧသနာ။

အသံထွက်

ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ

တေ မေ နမော တေ စ မံ ပါလယန်တု

နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ

နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ

အိမံ သော ပရိတ်တံ ကတ်တဝါ

မောရော စရတိ အေသနာ

မြန်မာပြန်

မြတ်စွာဘုရားတို့ မည်သည်မှာ မကောင်းမှု ဟူသမျှကို အပပြုကုန်ပြီဖြစ်၏။ တရားအားလုံးကိုသိမြင်တော်မူကြပြီး ဖြစ်၏။ ထိုဘုရားရှင်တို့အား ကျွန်ုပ် ရှိခိုးပါ၏။ ထိုဘုရားရှင်တို့ကလည်း ကျွန်ုပ်ကို စောင့်ရှောက်ကြပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ အရဟတ္တ မဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်း ရှိခိုးပါ၏။ ကိလေသာမှ ကင်းလွတ်ကုန်ပြီသော ပုဂ္ဂိုလ်တို့အားလည်း ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင်ဘုရားအလောင်း ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြုပြီးမှ အစာရှာထွက်လေ၏။

အပိုဒ် ၅

အပေတယံ စက္ခုမာ ဧကရာဇာ၊

ဟရိဿဝဏ္ဏော ပထဝိပ္ပဘာသော။

တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ

ပထဝိပ္ပဘာသံ၊

တယာဇ္ဇ ဂုတ္တာ ဝိဟရေမု ရတ္တိံ။

အသံထွက်

အပေတယံ စက်ခုမာ အေက-ရာဇာ

ဟရိတ်သ-ဝဏ်ဏော ပထဝိပ်ပ,ဘာသော

တံ တံ နမတ်သာမိ ဟရိတ်သ-ဝဏ်ဏံ

ပထဝိပ်ပ-ဘာသံ

တယစ်ဇ ဂုတ်တာ ဝိဟရေမု ရတ်တိမ်။

မြန်မာပြန်

နေမင်းသည် လူတို့၏ မျက်စိနှင့်တူ၏။ မြတ်သောမင်းလည်းဖြစ်၏။ ရွှေ အဆင်းအရောင်လည်း ရှိ၏။ မြေပြင်၌လည်း ထွန်းလင်းတောက်ပ၏။ ဤနေမင်းသည် ယခုဝင်လေ၏။ ကျွန်ုပ်သည် ရွှေအဆင်းရှိသော မြေပြင်၌ တောက်ပသော အရောင်ရှိသော ရှင်နေမင်းကို ဦးညွှတ်ရှိခိုးပါ၏။ ယခု တညဉ့်ပတ်လုံး အရှင်နေမင်း၏ အစောင့်အရှောက်ခံယူ၍ ကျွန်ုပ် နေပါအံ့။

အပိုဒ် ၆

ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊

တေ မေ နမော တေ စ မံ ပါလယန္တု။

နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။

နမော ဝိမုတ္တာနံ နမော ဝိမုတ္တိယာ။

ဣမံ သော ပရိတ္တံ ကတွာ၊

မောရော ဝါသ မကပ္ပယိ။

အသံထွက်

ယေ ဗြန်မဏာ ဝေဒဂူ သတ်ဗ-ဓမ်မေ၊

တေ မေ နမော, တေ စ မံ ပါလယန်တု။

နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ။

နမော ဝိမုတ်တာနံ နမော ဝိမုတ်တိယာ

အိမံ သော ပရိတ်တံ ကတ်တဝါ

မောရော ဝါသ'မ-ကပ်ပယိ။

မြန်မာပြန်

မကောင်းမှုဟူသမျှကို ဖယ်ရှားပြီး တရားအလုံးစုံကို သိတော်မူကုန်သော ဘုရားရှင်တို့အား ဦးညွှတ်ရှိခိုးပါ၏ ။ ထိုဘုရားရှင်တို့သည် ကျွန်ုပ်ကို စောင့်ရှောက်ပါစေသတည်း။ သစ္စာလေးပါးကို သိမြင်ပြီးသော အရိယာ ပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတ ဉာဏ်တော်အားလည်းကောင်း၊ ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်ပြီးသော ပုဂ္ဂိုလ်တို့အားလည်းကောင်း၊ အရဟတ္တဖိုလ် တရားအားလည်းကောင်း ကျွန်ုပ် ရှိခိုးပါ၏။ ဦးညွှတ်ပါ၏။ ဤသို့လျှင် ဥဒေါင်းမင်းသည် ဤပရိတ်အရံအတားကို ပြု၍ ညဉ့်အခါ၌ နေလေ၏။

မောရသုတ္တံ နိဋ္ဌိတံ။

အသံထွက်

မောရ-သုတ်တံ နိတ်ထိတံ။

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) —မောရသုတ်· လိုင်စင်CC BY-SA 4.0· ရယူသည့်နေ့· စာမျက်နှာပုံစံသာ ပြောင်းထားပြီး စာသားကို မပြင်ထားပါ။